Breaking News


မြန်မာအမျိုးသမီးများအတွက် စေတနာထားကာ တည်းခိုခန်း၊ ကေတီဗွီ၊ အနှိပ်ခန်းများကို စနစ်တကျ စိစစ်ကြပ်မတ်ပေးရန် လွှတ်တော်တွင်တင်ပြ


Loading...


ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုက်ကလပ်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေခန်းများအား ခွင့်ပြုထားသည့် အရေအတွက်နှင့် စည်းကမ်းနှင့်မညီညွတ်သောလုပ်ငန်းများ၊ ခွင့်ပြုချက်မရှိ ဖွင့်လှစ်ထားသောလုပ်ငန်းများတွင် အမျိုးသမီးငယ်များအတွက် ကြိုတင်ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် အစိုးရမှစီစဉ်ဆောင်ရွက်နေမှုများနှင့် အမျိုးသမီးငယ်များ ပျက်စီးရာ ပျက်စီးကြောင်းကိုမကြည့်ဘဲ ကိုယ်ကျိုးစီးပွားတခုတည်းကိုသာ ကြည့်သောတည်းခိုခန်း၊ ကေတီဗွီ၊ အနှိပ်ခန်းများကို စိစစ်ကြပ်မတ်ပေးရန် ဒဂုံ/တောင် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်ဦးညီညီက မေးမြန်းခဲ့သည်။
ယင်းသို့ မေးမြန်းချက်နှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်တွင် ကာရာအိုကေလိုင်စင်ဖြင့် ကပွဲခန်း(၇)ခု၊ စည်ပင် လုပ်ငန်းလိုင်စင်ဖြင့် အကြောပြင်ခန်းအရှေ့ပိုင်းခရိုင်တွင် (တရားဝင်/လျှောက်ထားဆဲ) ၁၆ ခု၊ တောင်ပိုင်း ခရိုင်တွင် (တရားဝင်/လျှောက်ထားဆဲ) ၂၅ ခု စုစုပေါင်း ၄၁ ခု။ တရားဝင်လိုင်စင်ဖြင့် ခွင့်ပြုထားသည့် ကာရာအိုကေလုပ်ငန်းများမှာ ၂၀၁၆ ခုနှစ် အထိ အရှေ့ပိုင်းခရိုင်တွင် ၁၀၆ ခု၊ အနောက်ပိုင်းခရိုင်တွင် ၁၀၆ ခု၊ တောင်ပိုင်းခရိုင်တွင် ၁၇ ခု၊ မြောက်ပိုင်းခရိုင်တွင် ၆၈ ခု စုစုပေါင်း ၃၀၇ ခုရှိကြောင်းနှင့် တရားမ၀င်အနှိပ်ခန်း ၁၂ ခုကို ၁၂-၈- ၂၀၁၆ မှ ၄-၁၀-၂၀၁၆ အထိ အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးက ဖြေကြားသည်။
ဦးညီညီက အမျိုးသမီးငယ်များနှင့်ပတ်သက်ပြီး မိဘများမှ အကူအညီတောင်း တိုင်ကြားလာမှုများကို အခြေခံကာ ပြည်သူများ၏ဆန္ဒ၊ ပြည်သူ့အသံများကို လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဒဂုံမြို့နယ်အတွင်းပြီးခဲ့သည့် လပိုင်းက ၉ တန်းကျောင်းသူတဦး အင်တာနက်မှ တွေ့ဆုံသူအမျိုးသားတဦးနှင့်အတူ တည်းခိုခန်းသို့ သွားရောက်နေထိုင်ခဲ့သည်ကို ၂ ရက်ခန့်အကြာမှ စုံစမ်း သိရှိရ၍ ရဲတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် သွားရောက်ခေါ်ယူခဲ့ရကာ မိဘများထံအပ်နှံခဲ့ရကြောင်း၊ ယင်းကျောင်းသူလေးသည်လည်း အရှက်ကွဲခဲ့ရသကဲ့သို့ မိဘများမှာအရှက်ရခဲ့သည့်အတွက် ယင်းနေရပ်မှ အခြားတနေရာသို့ ပြောင်းရွှေ့ခဲ့ရသည့် ဖြစ်ရပ်တွေ့ကြုံခဲ့ရကြောင်း ယင်းသို့သောဖြစ်ရပ်များ မိဘများနှင့် အမျိုးသမီးငယ်များ မကြုံတွေ့စေရန် မေးမြန်းရခြင်းဖြစ်ကြောင်း မီဒီယာသို့ပြောသည်။
''တည်းခိုခန်းဆိုတာက လိုအပ်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက် ပိုမိုများလာတဲ့အခါ အမျိုးသမီးငယ်တွေ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အားပေးအားမြှောက်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာ တွေ့ရ ပါတယ်။ တည်းခိုခန်းတိုင်းကို မဆိုလိုပါဘူး။ ဒဂုံတောင်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်တို့လို နေရာမျိုးမှာဆိုရင် သာမန်ထက်လွန်ကဲသော တည်းခိုခန်းပေါင်းများစွာရှိနေတာကို တွေ့ရပါတယ်။ ခလုပ်တိုက်တာနဲ့ တည်းခိုခန်းများတွေ့နေရသလို ကျောင်းပတ်ဝန်းကျင်တွေမှာလည်း တွေ့နေရပါတယ်။ ဘယ်လိုကနေဘယ်လို လိုင်စင်တွေချပေးထားမှန်း မသိဘူးဖြစ်နေပါတယ်။ ဒါတွေကိုတကယ့် စေတနာထားပြီးတော့ ကိုယ့်မြန်မာအမျိုးသမီးတွေအတွက် စနစ်တကျကြီးကြပ်ဖို့ လိုတယ်ဆိုတာကို ပြောချင်ပါတယ်''ဟု ဦးညီညီက ပြောသည်။
ကေတီဗွီ၊ ကာရာအိုကေများတွင် လုပ်ကိုင်ရန်အတွက် ဆင်းရဲသည့်ရပ်ကွက်၊ ဆင်ခြေဖုံးရပ်ကွက်များသို့ လာရောက်ပြီး အမျိုးသမီးငယ်များအား ငွေအမြောက်အမြားပေးကာ ခေါ်ယူအသုံးပြုနေသည်ကို တွေ့ရှိရ ကြောင်း၊ ယင်းလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသည့် အမျိုးသမီးငယ်များ၏ မိဘများပြောဆိုချက်အရ အမျို့သမီးငယ်များ လုပ်ကိုင်ဆောင်ရွက်နေရသည့်အခြေအနေအချို့ကို သိရှိခဲ့ရကြောင်း ၎င်းက ပြောသည်။
''မိဘတွေကို သူတို့ရဲ့ သမီးတွေကနေ ပြောဆိုချက်အရ သီချင်းဆိုတဲ့ပုဂ္ဂိုလ်တွေနဲ့အတူ နေထိုင်ရပြီး အဲဒီကနေ ဆင့်ကဲဆင့်ကဲပေါ့ သူတို့ရဲ့စည်းရုံးရေးပုံစံမျိုးတွေနဲ့ အောင်မြင်သွားတယ်ဆိုရင် အပြင်ကိုခေါ်ထုတ်သွားတာ တို့ရှိတယ်။ အဲဒီကပဲ ဘ၀ပျက်မှုကိုအခြေခံတာလို့ ပြောချင်ပါတယ်။ အဲဒီကနေတဆင့် အမျိုးသမီးငယ်လေး တွေဟာ ရဲတင်းလာပြီး သူတို့ရဲ့ဘ၀၊ သူတို့အသက်မွေးဝမ်းကျောင်းအတွက်ပါ။ ဒီအပေါ်မှာ လျှောက်လှမ်းကာ နောက်ဆုံးတော့ HIV/AIDS ရောဂါရတဲ့ အဆင့်ထိ ဖြစ်လာတယ်။ ပြီးတော့ အဲဒီနေရာတွေကတဆင့် ခြေကုပ်ယူပြီးတော့ လူမှောင်ခို၊ လူပွဲစားတွေက တဖက်နိုင်ငံတွေအထိပါပို့တဲ့ပုံစံမျိုးတွေအထိ ပါရှိနေတယ်လို့ မိဘတွေ တိုင်ကြားလာပါတယ်'' ဟု ဦးညီညီက ပြောသည်။
''အနှိပ်ခန်းဆိုတာ နိုင်ငံတခုအနေနဲ့က ထားသင့်ပါတယ်။ ထားသင့်တယ်ဆိုတဲ့ နေရာမှာ တကယ့်ကို စေတနာထားပြီးတော့ ဖွင့်လှစ်တဲ့အနှိပ်ခန်းများရှိပါတယ်။ ဒါပေမဲ့ ကိုယ်ကျိုးစီးပွားတခုတည်းကိုပဲကြည့်ပြီး အမျိုးသမီးငယ်တွေပျက်စီးတာ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုတဲ့စိတ်နဲ့ ဖွင့်လှစ်တဲ့ အနှိပ်ခန်းတွေကတော့ စိစစ်ကြပ်မတ်ဖို့ လိုပါတယ်''ဟု ၎င်းက ပြောသည်။
အထက်ပါအဆိုကို ဒဂုံ/တောင် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်ဦးညီညီက နိုဝင်ဘာ ၂၂ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
လင်းလင်းအောင်
Loading...