Breaking News


မြန်မာနိုင်ငံက Miss တွေ နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်တိုင်း ပြုတ်ရတဲ့အကြောင်းအရင်းကို ဖွင့်ဟလိုက်တဲ့ Miss Universe 2017 ဇွန်သံစဉ်


Loading...

Miss Myanmar Universe 2017 ပွဲမှာ Winner ဆုကို ရရှိပိုင်ဆိုင်ခဲ့သူကတော့ ရခိုင်နဲ့ မြန်မာစပ်ထားတဲ့ မော်ဒယ် ဇွန်သံစဉ်ပဲဖြစ်ပါတယ်။ Miss Myanmar Universe ပွဲတွေဟာဆိုရင် ၂၀၁၃ ခုနှစ်မှ စတင်ကာ မိုးစက်ဝိုင်၊ သျှားထွဋ်အိန္ဒြာ ၊ မေဘရဏီသော်၊ ထက်ထက်ထွန်း အပြင် ယခု ဇွန်သံစဉ် အပါအ၀င်ဆို ၅ နှစ်တိုင်တိုင် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကောင်းဆုံးသော Miss ပျိုမေတွေကို ရွေးထုတ်ပေးခဲ့ပေမဲ့ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်တဲ့ အခါမှာတော့ ဘယ်သူမှ Winner ဆုကို ရရှိပိုင်ဆိုင်ဖူးခြင်းမရှိသေးပါဘူး။ ဒါကြောင့် ၅နှစ်မြောက်မှာ သွားရောက်ယှဉ်ပြိုင်ရမဲ့ ဇွန်သံစဉ်ကို ဟိုမှာသွားပြိုင်မယ့်အပေါ် ပြင်ဆင်မှုတွေနဲ့ လက်ရှိရရှိပိုင်ဆိုင်ခဲ့တဲ့ Winner ဆုအပေါ် စိတ်ကျေနပ်မှုတွေကို သွားရောက်တွေ့ဆုံမေးမြန်းဖြစ်တဲ့အခါ
-Miss Myanmar Universe 2017 ပွဲမှာ Winner ဆုရရှိခဲ့တဲ့ အပေါ် ညီမလေးရဲ့ စိတ်ခံစားချက်လေးကိုလဲ ဝေမျှပေးပါဦး။
ညီမအရမ်းဝမ်းသာမိတယ်။ ညီမလိုချင်တဲ့ ပန်းတိုင်တစ်ခုကိုရောက်လာပါပြီ။ ပန်းတိုင်ဆိုတာ အဆုံးမရှိပါဘူး။ ဒါကြောင့်ညီမဆက်ပြီးတော့ အများကြီးကြိုးစားသွားမယ်။ Miss Universe ပွဲကြီးကို ဟိုမှာသွားပြိုင်တဲ့အခါမှာလဲ ညီမအများကြီး Trainလုပ်ပြီး ကြိုးစားပြင်ဆင်သွားမှာပါလို့ပြောချင်ပါတယ်။
-အနုပညာလောကထဲမှာလျှောက်လှမ်းနေတာရော ဘယ်လောက်ရှိသွားပြီလဲ။
ညီမ ၂၀၁၂ ခုနှစ်လောက်ကတည်းက စ၀င်တာဆိုတော့ ငါးနှစ်လောက်ရှိသွားပါပြီ။ ညီမစတက်တဲ့ သင်တန်းကတော့ Myanmar Model Management ကပါ။ အဲ့ဒီမှာသင်တန်းတက်ရင်း ကနေ ပြိုင်ပွဲတွေစပြိုင်ဖြစ်တယ်။ ပွဲကြီး ၄ပွဲပြိုင်ခဲ့ဖူးတယ်။ အခု Miss Myanmar Universe 2017 ကငါးပွဲမြောက်ပေါ့။
-ကြော်ငြာလေးတွေ၊ အမ်တီဗီတွေရော လက်ခံရိုက်ကူးထားတာရှိဦးမလား။
ရှိပါတယ်။ ကြော်ငြာက Camella ရိုက်ထားတယ်။ နောက် ဧရာဝတီဘဏ် ဘေလ်ဘုတ်တို့ ရိုက်ထားပါတယ်။ အမ်တီဗီက ကိုဝေလသီချင်းတစ်ပုဒ်မှာ သရုပ်ဆောင်ထားတယ်။ နောက် ဗီဒီယိုတစ်ကားရိုက်ထားတယ်။ ကိုနေတိုးနဲ့မအိချောပိုနဲ့ညီမနဲ့ပေါ့။ အဲ့ဒီကားလေးကတော့ မထွက်သေးပါဘူး။ ကားနာမည်က မနက်ဖြန်တိုင်းမှာတဲ့။ ဒါရိုက်တာကတော့ ကျော်နှင်းဆီပါ။
-Miss Myanmar Universe 2017 မှာ Winner ဆုရခဲ့တာနဲ့ပတ်သက်ပြီး မိသားစုတွေကရော ဘယ်လိုဝမ်းသာပေးကြလဲ။
မိသားစုက အဲ့ဒီပွဲနဲ့ပတ်သက်ပြီး ညီမကို အရမ်း Support လုပ်ပေးခဲ့တယ်။ ညီမကိုလဲ အရမ်းဖြစ်စေချင်ကြတယ်။ ညီမရဲ့ ရည်ရွယ်ချက်ကိုလဲ မိဘနှစ်ပါးစလုံးကသိတဲ့အတွက်ညီမရဲ့ရည်ရွယ်ချက်ကိုသူတိုဖြည့်ဆည်းပေးချင်တယ်။ ဖြစ်သွားစေချင်တယ်။ ညီမစိတ်ချမ်းသာတာကို တို့မြင်ချင်တယ်။ ညီမဒီဆုရတဲ့အတွက် သူတို့လဲစိတ်ချမ်းသာနေကြတယ်။ သူတို့နှစ်ယောက်ကလဲ ပြိုင်ပွဲဝင်နေစဉ်အတွင်းမှာ အင်အားတွေပေးခဲ့ပါတယ်။ ညီမစိတ်ဓာတ်ကျပြီဆိုရင် နည်းလမ်းကောင်းတွေညွှန်ပြပေးတယ်။ ညီမရဲ့ လိုအပ်ချက်တွေကို မိဘနှစ်ပါးကထောက်ပြပေးတယ်။ သူတို့ဘေးကနေပံ့ပိုးကူညီပေးလို့ညီမဒီဆုကိုရခဲ့တာလို့ထင်ပါတယ်။
-အနုပညာလောကထဲမှာ အခုဆို Miss တစ်ယောက်လဲဖြစ်နေပြီဆိုတော့ ဘယ်အတိုင်းအတာလောက်ထိသွားချင်လဲ။
ပြည်သူချစ်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်ချင်တယ်။ ဒါကြောင့်ညီမဆက်ပြီးတော့ အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်သွားပါမယ်။
-Miss Myanmar Universe 2017 ပြိုင်ပွဲဝင်နေစဉ်တစ်လျှောက်ကြိုးစားခဲ့ရတဲ့ ကြိုးစားမှုတွေ၊ အခက်အခဲတွေကိုလဲသိချင်ပါတယ်။
စိတ်ဖိစီးမှု သိပ်မရှိဘူး။ ညီမအကောင်းဆုံးလုပ်မယ်။ ရလာတဲ့ ရလာဒ်ကိုလဲ လက်ခံနိုင်ရမယ်။ ပြိုင်ပွဲဖြစ်တဲ့အတွက် ဉ်ပြိုင်ခြင်းသာအဓိက ၊ကိုယ်ကြိုးစားရင်ကြိုးစားသလောက် ရလာဒ်ကောင်းရလာလိမ့်မယ်ဆိုတဲ့ စိတ်ကိုထည့်ထားတယ်။ ညီမကဇွဲအရမ်းကြီးတယ်။ ကိုယ်ဖြစ်ချင်တာကိုဖြစ်အောင်ကြိုးစားတယ်။ မဖြစ်သေးရင်လဲ ဘာလို့မဖြစ်သေးတာလဲဆိုတဲ့အဖြေကို ရအောင်ထုတ်တယ်။ အခက်အခဲအနေနဲ့ပြောရရင် Body ပိုင်း Train တယ်။ Language ပိုင်းလေ့လာတယ်။ နောက်တစ်ခုက Knowledge ပိုင်းအတွက် စာများများဖတ်တယ်။ အလှမယ်တစ်ဦးကို ဘယ်လိုမေးနိုင်လဲ။ ဖြေပုံဖြေနည်းတွေလေ့လာတယ်။ လေ့ကျင့်တယ်။ နောက် Swim Suit နဲ့ Cat Walk လျှောက်တဲ့အခါမှာ ဘယ်လိုလျှောက်ရမလဲဆိုတာတွေကိုလေ့လာခဲ့ရပါတယ်။
-အရင်တစ်ခေါက်ကလဲ Miss Universe မှာပြိုင်ဖူးတယ်။ Top 5 ကနေပြုတ်ခဲ့တယ်ဆိုတော့ ဒီနှစ်နဲ့အရင်နှစ်ကနဲ့ကွာခြားမှုကိုလဲသိချင်ပါတယ်။
၂၀၁၄ တုန်းကတော့ အသက်လဲငယ်သေးတယ်။ အရမ်းကြီးလဲ မမျှော်မှန်းထားဘူး။ အတွေ့အကြုံအရ ဒီပြိုင်ပွဲကိုအရမ်းစိတ်ဝင်စားတယ်။ အဲ့ဒါကြောင့်ဝင်ပြိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်ကိုကျတော့ စိတ်ထဲမှာကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ချင်မိတယ်။ အဲ့ဒါကြောင့် အကောင်းဆုံးကြိုးစားအားထုတ်တယ်။ ဒါကံတရားနဲ့လဲဆိုင်တယ်ဆိုတော့ ညီမဖက်က အကောင်းဆုံးကြိုးစားမယ်။ ရလာတဲ့ရလာဒ်ကိုလက်ခံမယ်လို့တွေးပြီးဒီပွဲကိုဝင်ပြိုင်ခဲ့တာပါ။
-Miss ပွဲတွေရဲ့ ထုံးစံအတိုင်း ကောလာဟလတွေ၊ ဝေဖန်မှုတွေလဲရှိတော့ဒီအပေါ်မှာ ညီမရဲ့စိတ်ကိုဘယ်လိုလေးထားဖြစ်လဲ။
ဝေဖန်မှုကိုညီမကြိုဆိုပါတယ်။ ဝေဖန်တာကိုလက်ခံတယ်။ တိုက်ခိုက်တာဆိုရင်တော့ ညီမလစ်လျူရှုလိုက်တယ်။ ဝေဖန်တဲ့ပရိသတ်တွေဆိုရင်လဲ ဒါကိုယ့်ကိုကောင်းစေချင်လို့ဝေဖန်တာဆိုပြီး ညီမလက်ခံတယ်။ သူတို့ဖြစ်စေချင်တာလေးတွေကိုကြည့်တယ်။ ကြိုးစားပေးတယ်။ တိုက်ခိုက်တာကိုတော့ လျစ်လျူရှုလိုက်ပါတယ်။
-ပြိုင်ပွဲဝင်အချင်းချင်းမှာတွေ့ကြုံရတဲ့အတွေ့အကြုံတွေကိုလဲသိချင်ပါတယ်။
ပြိုင်ပွဲဝင်တွေအားလုံးကချစ်စရာကောင်းကြတယ်။ နယ်က Miss တွေလဲပါတော့ သူတို့ဆီမှာ ချစ်စရာကောင်းတဲ့ စရိုက်လေးတွေတွေ့ရတယ်။ ခရီးသွားတဲ့တောက်လျှောက်မှာလဲ ပြိုင်ပွဲဝင်နေတယ်လို့ စိတ်ထဲမှာမခံစားရပဲ ညီအစ်မတွေ ခရီးတူတူသွားနေရတယ်လို့ခံစားရတယ်။ အကုန်လုံးကလဲ ချစ်ဖို့ကောင်းကြတယ်။ ညီမဒီဆုကိုရလာတဲ့အခါမှာလဲ အားလုံးက သဘောကျကြတယ်။ ၀မ်းသာပေးကြတယ်။ ကျေနပ်ကြပါတယ်။
-Miss ဖြစ်ပြီဆိုတာနဲ့ ရလာတဲ့ဆုကြေးငွေကို လိုအပ်တဲ့နေရာတွေမှာလှူဒါန်းကြတာမျိုးတွေပရဟိတပိုင်းကိုတွင်တွင်ကျယ်ကျယ်လုပ်လာကြတာမျိုးတွေလဲရှိတဲ့အတွက် ညီမအနေနဲ့ရော ပရဟိတပိုင်းမှာဘယ်လိုမျိုးလုပ်ကိုင်ဆောင်ရွက်သွားဖို့ရှိမလဲ။
ညီမကမွန်မြတ်သစ္စာဆိုတဲ့ ပရဟိတအဖွဲ့လေး ထူထောင်ထားပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကရေဘေးသင့်ပြည်သူတွေကိုလှူဒါန်းဖို့အတွက် တတ္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေစုပြီးထူထောင်လိုက်တယ်။ ပြီးတော့ မကွေးတိုင်းမှာသွားလှူခဲ့တယ်။ အဲ့ဒီလိုဆိုတော့ ပရဟိတလုပ်ရတဲ့အပေါ်ကျေနပ်မိတယ်။ ကိုယ်လှူလိုက်တဲ့ ပရဟိတစ်ခုကသူတို့ဖက်မှာအခက်အခဲဖြစ်နေတဲ့အချိန် ကိုယ်ရောက်သွားတဲ့အခါ သူတို့ရဲ့ပျော်ရွှင်မှုကိုမြင်ရတဲ့ Feel ကဘာနဲ့မှမတူပါဘူး။ ကိုယ်ကိုတိုင်လဲရောပြီးဝမ်းသာမိတယ်။ အလှမယ်တစ်ယောက်က ပရဟိတကို လုပ်ကိုလုပ်သင့်ပါတယ်။ အလှမယ်တင်မကပဲ သာမန်ပြည်သူတစ်ယောက်ဆိုရင်လဲပဲ ကိုယ့်ရဲ့အားလပ်ချိန်မှာ သူတစ်ပါးကိုကူညီပေးတယ်ဆိုတာတကယ့်ကိုရင်ထဲမှာ ပီတိဖြစ်ရတဲ့အရာတစ်ခုပါ။ ကိုယ်ပရဟိတသွားလုပ်ဖို့အချိန်မရှိရင်တောင် လိုအပ်နေတဲ့သူတစ်ယောက်ယောက်ကို ကူညီပေးလိုက်တယ်ဆိုရင်တောင် အဲ့ဒီလူတစ်ယောက်ရဲ့မျက်နှာမှာပျော်သွားတဲ့အပျော်ကိုမြင်ရတဲ့အမြင်ကဘာနဲ့မှမတူပါဘူး။ သာမန်လူတွေကလဲ ပရဟိတကိုတတ်နိုင်သလောက်လုပ်သင့်တယ်။ အလှမယ်တွေကတော့ပိုပြီးလုပ်သင့်တယ်။ ပိုပြီးအရေးကြီးသွားတယ်။ ကိုယ်စလုပ်မှကိုယ့်ရဲ့ပရိသတ်တွေကပါနောက်ကလိုက်လုပ်မယ်။ အဲ့ဒါမှလိုအပ်တဲ့နေရာတော်တော်များများမှာလှူဒါန်းနိုင်မယ်ပေါ့။
-ဆုရတဲ့အထဲကရော ပရဟိတလုပ်ငန်းတွေမှာသုံးစွဲသွားဖို့ရှိမလား။
ညီမဆုငွေရဲ့တစ်ဝက်ကို လိုအပ်တဲ့နေရာမှာလှူဒါန်းဖို့အစီအစဉ်ရှိပါတယ်။ နေရာကတော့ အတိအကျမသိသေးဘူး။ လိုအပ်ရင်လိုအပ်သလိုလှူဒါန်းသွားမယ်။ အရမ်းလိုတယ်ဆိုရင်များများထုတ်သုံးလိုက်မယ်။ တကယ့်ကိုထိထိရောက်ရောက်ဖြစ်ချင်တာမို့လို့နေရာကတော့ အတိအကျပြောလို့မရသေးဘူး။ စဉ်းစားနေတုန်းပေါ့။ ဒါပေမဲ့တကယ့်ကို ထိထိရောက်ရောက်ဖြစ်တဲ့နေရာမှာလှူဒါန်းသွားမှာပါရှင့်။
-အခုလက်ရှိမှာ လက်ခံထားတဲ့ အနုပညာလှုပ်ရှားမှုကိုလဲသိချင်ပါတယ်။
ဇာတ်လမ်းတွဲလေးတွေလက်ခံထားတယ်။ မဂ္ဂဇင်းဂျာနယ်လေးတွေလက်ခံထားတာရှိတယ်။ နောက်စီးပွားရေးကြော်ငြာလေးတွေလက်ခံထားတယ်။ နောက် Organization နဲ့အတူတူ ပရဟိတလုပ်ငန်းတွေမှာပါဝင်ကူညီဆောင်ရွက်သွားမှာပါရှင့်။
-ဒီနိုင်ငံမှာ Miss ရတဲ့သူတော်တော်များများက သူများနိုင်ငံမှာသွားပြိုင်တဲ့အခါ အမြဲပြုတ်ပြုတ်ပြီးကျန်ခဲ့တယ်ပေါ့။ ညီမအနေနဲ့ရော ဘယ်လိုမျိုးလေးလေ့လာသွားမလဲ။ ကြိုးစားယှဉ်ပြိုင်သွားမလဲဆိုတာကိုလဲသိချင်ပါတယ်။
Miss Universe ပွဲကြီးဖြစ်တဲ့အတွက် အရမ်းလဲကြိုးစားရမယ်။ အရမ်းလဲအရေးကြီးတယ်။ Miss Universe ပွဲက ၂၀၁၃ကစပြီး ဒီနိုင်ငံမှာစပြီးယှဉ်ပြိုင်လို့ရတာဆိုတော့ သူတို့နဲ့တော့ကွာတာပေါ့နော်။ သူတို့ဆီမှာက ငယ်ငယ်လေးကတည်းက Training တွေကောင်းကောင်းပေးထားပြီးသားနောက်ညီမတို့တော်တယ်ဆိုတာက သူတို့ရဲ့ခြေဖျားတောင်မမှီပါဘူး။ အဲ့ဒီတော့ အများကြီးကြိုးစားရမယ်။ အခုညီမတို့ တတ်ကျွမ်းနားလည်ထားတာထက် အများကြီးသိအောင်နားလည်အောင်လုပ်ရမယ်။ နောက်အတတ်ပညာရှင်အသိပညာရှင်ကြီးတွေရဲ့စကားကို နားထောင်ပြီးလိုက်နာမယ်ဆိုရင် မြန်မာကလဲ Winner ဖြစ်လာနိုင်ပါတယ်။ အဓိကညီမတို့မှာ ဆရာသမားကောင်းလိုအပ်ပါတယ်။ ဆရာသမားကောင်းရှိမှသာလျှင် ညီမတို့ကိုသင်ကြားပေးနိုင်မယ်။ အဲ့ဒါမှညီမတို့ကလိုက်လုပ်နိုင်ပြီး မြန်မာဆိုတဲ့ ဂုဏ်ပုဒ်ကိုထိန်းနိုင်မှာဖြစ်တဲ့အတွက် ပြုတ်တယ်ဆိုတာကလဲ မြန်မာမှာ အဓိကသင်ကြားပေးမဲ့ ဆရာသမားတွေလိုအပ်တဲ့အတွက် ဒါပြုတ်တာပေါ့။ တကယ့်ကိုသင်ကြားပေးမယ်ဆိုရင် ညီမတို့မြန်မာအမျိုးသမီးတွေကလဲ မလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး။
-ညီမလေးကိုအားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။
ညီမဖက်က အကောင်းဆုံးကြိုးစားသွားမှာပါ။ အားပေးတဲ့ပရိသတ်တွေကိုလဲအရမ်းကျေးဇူးတင်ပါတယ်။ အားပေးရကျိုးလဲနပ်အောင်ညီမကြိုးစားသွားမှာပါ။ အားမပေးတဲ့ပရိသတ်တွေအတွက်လဲသူတို့အားပေးလာတဲ့အထိညီမကြိုးစားသွားမှာပါ။ 
Loading...