တရုတ်နိုင်ငံသား တစ်ဦးက မြန်မာအလုပ်သမားအမျိုးသမီးများအား ကိုယ်ထိလက်ရောက် မဖွယ်မရာ ပြုလုပ်

_________________________________________________________
မြိတ်မြို့တွင် ကြိမ်သီးလာရောက် ၀ယ်ယူနေသည့် တရုတ်နိုင်ငံသား တစ်ဦးက မြန်မာအလုပ်သမား အမျိုးသမီးများအား ကိုယ်ထိလက်ရောက် မဖွယ်မရာ ပြုလုပ်သောကြောင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

မြိတ်မြို့တွင် ကြိမ်သီးလာရောက် ၀ယ်ယူပြီး ပုတီးစေ့လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားမှာ Zhawg Quan ( ၃၄ နှစ်) ဆိုသူဖြစ်ပြီး passport No.E 67489845 ကိုင်ဆောင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားမှာ မြိတ်မြို့၊ ကလွင်ရေပုန်းရပ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ၊ ဦးတင်ထွဋ်နေအိမ်တွင် ငှားရမ်းနေထိုင်ကာ လုပ်ငန်းထောင်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံသား နေထိုင်နိုင်ရန်အတွက် ဦးရန်ကျန်ချုံ ( ၃၂ နှစ်) ဂူတဲကုန်းလမ်း၊ ကွတ်ခိုင်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်းနေသူက လာရောက် ငှားရမ်းပေးထားကြောင်း သိရသည်။

တရုတ်နိုင်ငံသားမှာ ကြိမ်သီးပုတီးစေ့ လုပ်ငန်းတွင် လာရောက်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး အလုပ်သမားများအား ကိုယ်ထိလက်ရောက် မဖွယ်မရာ ပြုလုပ်သောကြောင့် အောက်တိုဘာ ၆ ရက်တွင် အလုပ်သမားများက ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက် တိုင်တန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသား Zhawg Quan က မ--- (၁၈) နှစ် (ဘ) ဦး---အား အနောက်မှဖက်ကာ ရင်သားကို ကိုင်ခြင်း၊ တင်ပါးကို ကိုင်ခြင်းများ ပြုလုပ်သည့်အပြင် အမျိုးသမီးလေးဦးအား ၎င်း၏ ဖုန်းထဲမှ ညစ်ညမ်းပုံများကို ပြသခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ရပ်များကို မကျေနပ်သောကြောင့် မြန်မာအလုပ်သမားများက လာရောက် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး မြို့နယ်ရဲမှူး ဦးအေးမင်းနှင့် စခန်းမှူးဝင်းဇော်ဦးတို့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်အရ တရုတ်နိုင်ငံသား Zhawg Quan (ခ) တာကွန်းသည် လုပ်ငန်းဗီဇာဖြင့် လာသော်လည်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ လုပ်ဆောင်ခြင်း၊ သက်ဆိုင်ရာဌာနသို့ သတင်းပို့ရန် ပျက်ကွက်ခြင်းကြောင့် လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁) အရ အမှုဖွင့်ထားပြီး မြိတ်မြို့မရဲစခန်းမှ (ပ) ၁၇၈၂/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၅၄/ ၂၉၂-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
http://news-eleven.com/local/26068
Loading...