Breaking News

လူသတ်သမားများ ဆုယူရန်ကြွပါ


Loading...

ဒီခေါင်းစဉ်ကြောင့် ကျုပ်ကို တမျိုးမထင်နဲ့။ တချို့ကိစ္စတွေကျတော့ အဲဒီလို ရွဲ့စောင်းပြီးရေးမှ တည့်မတ် လာတတ်တဲ့ သဘောရှိတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်မှ သူ့ရဲ့ပြိုင်ဘက်တွေကို ၂၀၁၅ ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်တခုမှာ သရော်ခဲ့ဖူးတယ်။ ဒီလို ပြောတာဗျ။
''ကျွန်မကတော့ ကိုယ်နဲ့အပြေးပြိုင်မယ့်လူရဲ့ခြေထောက်နှစ်ချောင်းကိုကြိုးတုပ်ပြီးမှ အနိုင်ရတဲ့ ပုံစံမျိုးကို မနှစ်မြို့ပါဘူး''တဲ့။
ကဲ . . . ကျုပ်ဆိုတဲ့အကောင် သရော်စာအပုဒ်သုံးရာနီးပါးရေးလာတာ အမေစုရဲ့စာတကြောင်းကို လိုက်လို့မမီဘူး။ ဗိုလ်ချုပ်အောင်ဆန်းလည်း သရော်ခဲ့ဖူးတယ်။ ''ဒီတိုင်းပြည်မှာ စားဖားတွေ ညီညွတ်နေတာ ကျုပ်မလိုချင်ဘူး''တဲ့။ သြော် . . . စားလိုက်၊ ဖားလိုက်လုပ်နေတဲ့ လူတန်းစားတွေ ကို ဗိုလ်ချုပ်က ခပ်ပြတ်ပြတ်သရော်သွားပါတကားလို့ တွေးရင်းပြုံးမိတယ်ဗျ။ နိုင်ငံရေးကလည်း မလွယ်ဘူးနော်။
အခုလည်း ကျုပ်က ဗိုလ်ချုပ်တို့သားအဖကို အားကျပြီး လူသတ်သမားများ ဆုယူရန်ကြွပါလို့ ဖိတ်ခေါ်လိုက်ပါရစေ။ ဒီခေတ်လူသတ်တဲ့ ကောင်တွေကတော်လွန်းလို့ ဆုလေးဘာလေး ချီးမြှင့်ချင်တာပါ။ ငါး လောင်းပြိုင်၊ လေးလောင်းပြိုင်၊ နှစ်လောင်းပြိုင် ခပ်တည်တည်ပဲ။ မသိရင်ကိုင်သူမဲ့ဓား၊ လူမပါတဲ့ သေနတ်နဲ့သတ်ဖြတ်နေသလိုကြီး။ အမေရိကန်က မောင်းသူမဲ့တိုက်လေယာဉ် တီထွင်ထားသလို မြန်မာပြည်လူသတ်ဝိဇ္ဇာတွေကလည်း ဓားတွေ၊ သေနတ်တွေကို လူမပါဘဲ စေလွှတ်သတ်ဖြတ်နိုင်တဲ့ နည်းစနစ်များ တီထွင်ထားလေရော့သလားဆိုပြီးတွေးကြည့်တော့ ဒါလည်းမဖြစ်နိုင်ဘူး။ တကယ်ရှိရင် နည်း ပညာဝင်ငွေခွန်ကောက်မှာပေါ့။
တကယ်တွေးကြည့်တော့ လူတယောက်ကို သတ်ဖြတ်တဲ့ကိစ္စဟာ အင်မတန်ကြီးလေးတဲ့ ပြစ်မှုဆိုပေမဲ့ လေးလောင်းပြိုင်၊ ငါးလောင်းပြိုင်တောင် ကျုပ်တို့မျက်စိရှေ့တွေ့နေမြင်နေရပြီလေ။ ဘယ်လောက် ကြောက်စရာကောင်းလာပြီလဲ တွေးကြည့်လေရော။ တခါတခါ မြို့ထဲ စာမူပို့တဲ့အခါ လမ်းသွားရင်း ဘယ်သူ့ကိုမှ အလစ်မပေးရဲတော့ဘူး။ ရန်ကုန်ဆိုတာလည်း အရင်လိုမဟုတ်တော့ဘူး။ ကားမှတ်တိုင်ထဲ နေ့ခင်းကြောင်တောင် အရက်ဘီယာထိုင်သောက်တဲ့အဖွဲ့နဲ့။ မူးပြီး ထိုးအိပ်နေတဲ့ကောင်နဲ့။ လုဖို့ယက်ဖို့ အခွင့်အရေးထိုင်စောင့်တဲ့ကောင်နဲ့၊ တော်တော်လေးတော့ စည်ကားတယ်။ ခက်နေတာက လေကောင်းလေသန့်နဲ့ လူရိုးလူအေးတွေ ရှားသွားပြီ။
လူသတ်မှုတွေကို လေ့လာကြည့်တော့ တချို့က လွတ်ငြိမ်းချမ်းသာခွင့် လက်ရွေးစင်ဒုစရိုက်အကျော်အမော်တွေ ဖြစ်နေပြန်ရော။ ဒီကောင်တွေပုံစံကို တွေးရတာ အရင်အစိုးရလက်ထက်က လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ သတင်းပေါက်ကြားသွားခဲ့တယ်နဲ့ တူတယ်။ တိုင်းပြည်က သိတဲ့အတိုင်းပဲ ရှစ်တန်း၊ ကိုးတန်းမေးခွန်းတွေ၊ ဓမ္မာစရိယမေးခွန်းတွေတောင် ကျော်ကြားမကောင်းအောင် ကြိုတင်ပေါက်ကြားခဲ့ဖူးတာကိုး။ ထောင်သားတွေကပိုပြီး လည်တယ်တဲ့ဗျ။ လွတ်ငြိမ်းချမ်းသာခွင့် သတင်းအနံ့ကြားတာနဲ့ အကျဉ်းသားဘ၀ကနေ ဆေးရုံလာတက်တဲ့ လူနာလိုပဲ။ ငြိမ်ပြီးတော့ မှေးနေတာ။ ဟန်ကိုယ့်ဖို့စကားကလည်း ရှေးလူကြီးတွေ သရော်လှောင်ပြောင်ပြီး ကြိုတင်နိမိတ်ပေးခဲ့တာကိုး။ အဲဒီတော့ အကျဉ်းသားတွေက ဟန်နဲ့နေကြရတာပေါ့။ တချို့ဆိုလွတ်ငြိမ်းချမ်းသာခွင့်ထဲ စာရင်းပါအောင် ထောင်ထဲမှာ ဥပုသ်စောင့်ရသလိုလို၊ တရားမှတ်သလိုလိုနဲ့ ချွေးတွေဘာတွေပြန်နေသတဲ့။ ဟုတ်မှာပေါ့ လုပ်လေ့လုပ်စ မရှိတာ ထလုပ်ရင် ဒါတွေကြုံမှာပေါ့ဗျ။ အဲ . . . တကယ်လွတ်ငြိမ်းချမ်းသာခွင့်မှာ မာယာသုံးတဲ့ ကောင်တွေပဲ ရွေးခေါ်သတဲ့။
အကျဉ်းဦးစီးက ထောင်ဝါဒါတွေကလည်း မကြာခဏ အယုံသွင်းခံရတော့ ထောင်ဖောက်ပြေးတဲ့ကောင်နဲ့၊ ရဲကို ထိုးကြိတ်ပြီး လွတ်မြောက်သွားတဲ့ကောင်နဲ့ တခါတခါ သတင်းတွေဖတ်ပြီး ပြည်ထဲရေးဝန်ကြီးကို တောင် မျက်နှာပူသဗျ။ ရာထူးထိခိုက်သွားရင် တလသိန်းသုံးဆယ်နစ်နာမှာပေါ့။ ဒီခေတ်ကုန်ဈေးနှုန်းနဲ့က အဲဒီလိုလစာနဲ့မှကိုက်တာလေ။
ကျုပ်တို့နိုင်ငံသားတချို့ကလည်း ကိုယ့်မိသားစုကိုဝင်ပြီးသတ်ဖြတ်မှ လက်သီးလက်မောင်းထတန်းချင်တာ ရှိသေး။ ဒီခေတ်လူမှုဝန်းကျင်ဟာ တော်တော်မလွယ်ဘူး။ လူတယောက်အသတ်ခံရရင်အဲဒီနေ့ပဲ ဘာကွ၊ ညာကွနဲ့ဝိုင်းအော်ပြီး နောက်ဆက်တွဲ သတင်းလေးဘာလေး မလေ့လာကြတော့ဘူး။ အဲ . . . တပတ်လောက်နေတော့ အမှုက ဘာမှန်းမသိတော့ဘူး။ ဖြစ်ဖြစ်ချင်းသာ ကောက်ရိုးမီးပုံစံနဲ့ ၀ိုင်းဝန်းဝေဖန်နေကြတာ။ ဒါကြောင့်အသတ်ခံရတဲ့ လူတွေဟာ တော်တော်နစ်နာတယ်။ လူဖြစ်လည်းရှုံးတယ်။ ရဲတပ်ဖွဲ့ကလည်း သူတို့ရဲ့ လုံခြုံရေးတောင် စိတ်မချရတော့ လူသတ်မှုဆိုရင် အနည်းဆုံး သံချပ်ကာယာဉ်တန်းခြံရံပေးမှ ဖမ်းချင်ကြသလိုဖြစ်နေပြီ။
လူသတ်သမားတွေ ဘာကြောင့်အတင့်ရဲလာသလဲဆိုတော့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒုစရိုက်သမားကြီးပဲ ရွေးလွှတ်ခဲ့သလိုဖြစ်တာရယ်။ ထောင်ဒဏ်တသက်တကျွန်းကို ရှစ်ရက်နဲ့ ကမ္ဘာ့စံချိန်တင်အောင် လွှတ်ပေး ခဲ့တာရယ်။ တချို့မသေမချင်း သတ်ဖြတ်ခဲ့ပြီး ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်တသက်တကျွန်းလူသိရှင်ကြား စီရင်ခဲ့ပြီးမှ ပြစ်ဒဏ်ကိုပြောင်းလဲ သတ်မှတ်တာရယ်။ တချို့ထောင်ထဲမှာ မင်းသားလို နေထိုင်ခွင့်ရှိသတဲ့။ တော်ကြာ ရုပ်ရှင်တွေဘာတွေရိုက်ပြီး အကယ်ဒမီဆုတွေ ဘာတွေ ချီးမြှင့်နေရင်ဒုက္ခ။ မဆလခေတ်က ဦးနေ၀င်းကြီးလက်ထက်မှာ ထောင်ကပြန်ထွက်လာတဲ့ကောင်တွေ ဈာန်သမာပတ်ရသွားသလိုပဲ နောက်တခေါက် ဘယ်သူမှ ပြန်မ၀င်ချင်အောင် ထောင်စည်းကမ်းတွေက တင်းကြပ်သတဲ့ဗျာ၊ အခုတော့ ကြားရတာတွေက မကောင်းဘူး။ လူမိုက်တွေက ထောင်ဆိုတာ သူတို့ရဲ့အရက်ဆိုင်လို့ သတ်မှတ်နေသတဲ့။
ကျုပ်လည်း မြန်မာပြည်က လူမိုက်တွေကို သဘောကျနေတာ ကြာပြီ။ ဒီကောင်တွေက မိုက်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး၊ ဆွဲကြိုး မြင်တာနဲ့ လုချင်၊ သတ်ချင်နေကြတာ။ ရွှေက အတုမှန်းမသိ၊ အစစ်မှန်း မသိရမ်းချနေတာလေ။ အဲဒီတော့ သဘောကျတာပေါ့ဗျာ။ တချို့ဆို အရက်ခွက်လုသောက်ရင်း သတ်တဲ့အဆင့်။ တချို့ဆို ရည်းစားက အကပ်မခံလို့ သတ်လိုက်သတဲ့။ ဘာမှမဟုတ်တာနဲ့ လူသတ်ရဲတာ ကျုပ်တို့နိုင်ငံထဲမှာပဲ မြင်ဖူးပြီလေ။
ဒီလောက် လူသတ်အားကောင်းလာတာဆိုပြီး ဒီကောင်တွေကို တော်လှန်ဖို့ မကြိုးစားနဲ့ သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်တို့၊ ပြစ်ဒဏ်ပြောင်းလဲပြင်ဆင်ခွင့်တို့က ကျောထောက်နောက်ခံတောင့်တယ်။ ကျုပ်တို့မှာ ဘာမှအတွေ့အကြုံမရှိဘူး၊ အဲဒီတော့ ကျုပ်က သန်းထိုက်လူ ဖောင်ဒေးရှင်းထူထောင်မယ်။ ပညာသင်စရိတ်တို့၊ နာမကျန်းဖြစ်တာတို့ကိုတော့ မလုပ်ချင်ဘူး။ တခြားလုပ်နေကိုင်နေတဲ့ ပရဟိတတွေပေါမှပေါ၊ ကျုပ်က ဘယ်လိုဖောင်ဒေးရှင်းလဲဆိုရင် လူသတ်သမားတွေကို ဆုချီးမြှင့်မယ့် ဖောင်ဒေးရှင်း။
ဟုတ်တယ်လေ . . . ဒီလောက် အထိတ်တလန့်ဖြစ်အောင် ရက်စက်ရဲတဲ့ သတ္တိက မသေးဘူး။ ဒါကြောင့် လူသတ်သမားများ ဆုယူရန်ကြွပါလို့ ရေးလိုက်ရတာဗျ။ တယောက်ချင်းစီရဲ့ မျက်ခွက်တွေကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်ပြီးကို ချီးမြှင့်တော်မူမှာဗျ။
သန်းထိုက်လူ #News Watch
Loading...