Breaking News


တပ်မတော် ထိုးစစ် မရပ်လျှင် နေရာအနှံ့ ခံစစ် လုပ်မည်


Loading...


အစိုးရတပ်၏ ကချင်ပြည်နယ်တွင်း ထိုးစစ် မရပ်တန့်ပါက ကချင် လွတ်လပ်ရေး တပ်မတော် KIA အနေနှင့် နေရာအနှံ့ ခံစစ် ပြုလုပ်သွားရမည့် အခြေအနေ ရှိနေသည်ဟု KIA ဘက်က ယနေ့ ပြောသည်။

KIO လိုင်ဇာ ဗဟိုဌာနချုပ် နယ်မြေကို မြန်မာ့တပ်မတော် မှ စစ်လေယာဉ် အပြင် လူအင်အား အမြောက်အများ နှင့် တိုက်ခိုက် နေသည့် ရက်ပေါင်း ၅၄ ရက် ပြည့်ချိန် ကချင်သတင်းဌာန KNG ၏ မေးမြန်းမှုကို KIO သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အစိုးရတပ်ရဲ့ ထိုးစစ်တွေကြောင့်ပဲ တစ်နိုင်ငံလုံးမှာ စစ်ပွဲကြီးတွေ ဖြစ်ခဲ့ပြီ။ အခုလည်း တပ်မတော်ဘက်က ကချင်ပြည်နယ်တွင်း ထိုးစစ်မရပ်ရင်တော့ KIA အနေနဲ့ ထိုးစစ် မဟုတ်ရင်တောင် ခံစစ်ကိုတော့ နေရာအနှံ ပြုလုပ်သွားရမယ့် အခြေအနေရှိနေပြီ။”

KIO အနေနှင့် ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် ကြိုးစားနေချိန်မှာဘဲ မြန်မာ့တပ်မတော် ဘက် ကချင်ဒေသ အနှံ ထိုးစစ်ဆင်တိုက်ခိုက်နေပါသည်။ ထို့ကြောင့် အဆိုပါ နောက်ဆက်တွဲ ဆိုးကျိုးများကို စစ်မီး စတင်ခဲ့သော အစိုးရတပ်တွင်သာ တာဝန်ရှိသည့်အကြောင်း KIO က အောက်တိုဘာ ၈ ရက်နေ့ မှာ သဘောထား ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း မြန်မာ့တပ်မတော် သည် ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့ KIA ၏ Nhkram Bum နှင့် Lai Hpawng Bum စခန်း ကို ဂျက်လေယာဉ် ၂ စီးနှင့် ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်ဟု အဆိုပါစခန်းမှ KIA သတင်းက ပြောသည်။ ထို့အပြင် တပ်မတော်ဘက်မှ KIA စခန်းကို လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကာ နှစ်ဖက် မြေပြင် တိုက်ပွဲလည်း ဖြစ်ခဲ့သည်ဟု ဆိုထားပါသည်။

ယနေ့မှာပင် ‘တပ်မတော် ထိုးစစ်ရပ်တန့်ရေး’ အတွက် ပြည်ပ ရောက် ထိုင်းနိုင်ငံမှ ကချင်အမျိုးသားများနှင့် ပြည်တွင်း ဖားကန့် ပြည်သူများ သီးခြား နှစ်နေရာတွင် ဆန္ဒပြခဲ့ကြပါသည်။

သို့သော်လည်း အစိုးရအနေဖြင့် ကချင်ပြည်နယ်တွင်း တစ်နေ့ထက် တစ်နေ့ ပိုပို ပြင်းထန်လာသော တိုက်ပွဲများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပါဘူး။

burmese.kachinnews
Loading...