သူငယ်ချင်းကို အဆိပ်ခတ်သတ်မှုဖြင့် အင်ဒိုနီးရှားအမျိုးသမီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

_________________________________________________________



သူငယ်ချင်းဖြစ်သူရဲ့ ကော်ဖီခွက်ထဲကို ဆိုင်ယာနိုက် အဆိပ်ခတ်သတ်ခဲ့မှုဖြင့် အမျိုးသမီးအား အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပြီး အဆိုပါအမှုဟာ အင်ဒိုနီးရှားမှာ လူထုစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

သြစတြေးလျမှာ အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ အင်ဒိုနီးရှားနိုင်ငံသူ ဂျက်ဆီကာဝေါင်ဆိုးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တာဖြစ်ပြီး သူမက တရားရုံးစီရင်ချက်ဟာ မျှတမှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ ဝေယန်မာနာဆလီဟင်း ဖြစ်ပြီး ဂျက်ဆီကာနဲ့ ယခုနှစ် ဇန်နဝါရီလအတွင်းက ဂျကာတမြို့ရှိ Olivier Grand ကော်ဖီဆိုင်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ ဂျက်ဆီကာ မှာပေးတဲ့ ကော်ဖီကို အနည်းငယ်သောက်ပြီးနောက် မိနစ်ပိုင်းအကြာမှာ သေဆုံးခဲ့ပြီး ဓာတ်ခွဲခန်းစမ်းသပ်မှုအရ သူမရဲ့ ခန္ဓာကိုယ်မှာ ဆိုင်ယာနိုက်အဆိပ် တွေ့ရှိခဲ့ရပါတယ်။

ဂျက်ဆီကာရဲ့ အမှုကို ကော်ဖီလူသတ်သမားလို့ ပြောဆိုကြပြီး အင်ဒိုနီးရှားအပြင် သြစတြေးလျမှာလည်း လူထုစိတ်ဝင်စားတဲ့ အမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဂျက်ဆီကာနဲ့ သေဆုံးသူ အမျိုးသမီးတို့ဟာ သြစတြေးလျမှာ တွေ့ဆုံခဲ့ကြပြီး နှစ်အတန်ကြာ နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဂျက်ဆီကာရဲ့ ရှေ့နေတွေက ရဲတပ်ဖွဲ့ဟာ သူမထံမှာ ဆိုင်ယာနိုက်အဆိပ်ကို လက်ဝယ်တွေ့ရှိခြင်း မရှိခဲ့ကြောင်းနဲ့ ကော်ဖီကိုလည်း အဆိပ်ခတ်ခဲ့ခြင်း မရှိကြောင်း လျှောက်လဲငြင်းဆိုခဲ့ပါတယ်။

ဂျက်ဆီကာကို သေဒဏ်ချမှတ်မှာ မဟုတ်ကြောင်း အင်ဒိုနီးရှားက အာမခံချက်ပေးခဲ့ပြီးနောက် အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းကူညီပေးရန် သြစတြေးလျက သဘောတူညီခဲ့ကြောင်း သိရပါတယ်။ 
Source & Photo: Daily Mail, BBC
duwun
Loading...