ရခိုင် တိုင်းရင်းသား ကျေးရွာများကို အထိခံမည် မဟုတ်ဟုဆို



_________________________________________________________

အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ရခိုင်တိုင်းရင်းသား ကျေးရွာများကို အထိအခိုက်ခံမည် မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက မောင်တောမြို့နယ်မှ ဒေသခံများနှင့် အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

မောင်တောခရိုင်အတွက် လုံခြုံရေး အစီအမံများ အပြည့်အဝ လုပ်ဆောင်ထားသဖြင့် ပြည်သူများ အနေနှင့် လိုအပ်သည်ထက် ပိုမိုမစိုးရိမ်ကြရန်၊ ကောလာဟလ သတင်းများအပေါ် အခြေခံကာ မလိုလား အပ်သည့် တုံ့ပြန်မှုမျိုး မလုပ်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

“အစွန်အဖျားက စုစည်းရွာတွေ တိုင်းရင်းသား ကျေးရွာတွေအတွက် ပိုပြီးတော့မှ စိုးရိမ်ပါတယ်။ ဒီရွာတွေက ကျွန်တော်တို့ ပြည်သူ တစ်ယောက်မှ အထိ မခံပါဘူး။ ထိပါးတယ်ဆိုရင် လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမှာပါ”ဟု ဦးသိန်းဆွေက ပြောကြားသည်။

မောင်တောခရိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရမှုမှာ သတင်းရယူမှု အားနည်းခြင်းကြောင့် အလစ်အငိုက် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့်နှင့် ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့နှင့် မောင်တောမြို့နယ်မှ ဒေသခံများ တွေ့ဆုံရာတွင် ဒေသခံများက ၎င်းတို့ကို ပြည်သူ့စစ် လက်နက်များ တပ်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။

ယင်းအပြင် တိုင်းရင်းသား ကျေးရွာများမှာ ဘင်္ဂါလီကျေးရွာများ ကြားတွင် ရှိနေသဖြင့် လုံခြုံရေးအပြင် စားရေး သောက်ရေးပါ အခက်အခဲ ရှိနေသဖြင့် အစိုးရက အကူအညီ ပေးရန် ဒေသခံများက တောင်းဆိုခဲ့ကြသည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးကမူ ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ် တပ်ဖွဲ့ကာ လက်နက်တပ်ဆင် ပေးရေးမှာ နိုင်ငံတော် မူဝါဒနှင့် သက်ဆိုင်၍ ချက်ချင်း ဆုံးဖြတ်ချက် မပေးနိုင်သဖြင့် သက်ဆိုင်ရာ အဆင့်ဆင့် တင်ပြမည်ဟု ပြောကြားခဲ့သည်။

“ဒီက ဒေသခံတွေက ပြည်သူစစ်တွေလို လက်နက်ကိုင်ဖို့ အသင့်ဖြစ်ပြီလား လက်နက်ကိုင်ဖို့ အသင့်ဖြစ်ပြီလား”ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုလုပ်နေ သည့် ဒေသန္တရ ရဲတပ်ဖွဲ့များတွင်လည်း ဝင်ရောက်ကာ ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“ကိုယ့်ရဲ့ ကျေးရွာတွေမှာ လုံခြုံရေး ဝန်ထမ်းအနေနဲ့ လခစားပြီး ထမ်းဆောင် နိုင်ရင် ပြည်သူ့ရဲတပ်ဖွဲ့မှာ စီမံချက်ရှိ ပါတယ်။ ဒေသန္တရ ရဲတပ်ဖွဲ့တွေ ခေါ်နေတာ ရှိပါတယ်။ ဒီလုပ်ငန်းကို စိတ်ဝင်စားရင် ကိုယ့်နယ်မှာ အခြေပြုပြီး ရဲတပ်ဖွဲ့မှာ ပါဝင်မကောင်းဘူးလား”ဟု ဒုတိယ ဝန်ကြီးက ပြောဆိုခဲ့သည်။

မောင်တောတွင် အောက်တိုဘာလ ၉ ရက်နေ့က စတင်ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ညမထွက်ရ အမိန့်ကို အချိန် တိုးမြှင့်ခဲ့ရပြီး ဒေသ ကုန်သွယ်ရေးများမှာ ရပ်ဆိုင်းနေကာ တိုင်းရင်းသားများ နေရပ်စွန့်ခွာနေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောနှင့်  ရသေ့တောင်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် နယ်မြေ စခန်းများကို တိုက်ခိုက်သူများမှာ မည်သူမည်ဝါ၊ မည်သည့် အဖွဲ့အစည်း ဆိုသည်ကို မဖော်ထုတ်နိုင် သေးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောကြားသည်။

“ဖော်ထုတ်လို့ရရင် တရားဝင် ကြေညာပေးပါ့မယ်”ဟု ၎င်းက ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းကလည်း ကျီးကန်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်ကို အကြမ်းဖက်သူများက ဝင်ရောက် တိုက်ခိုက်သည်ဆိုသည့် သတင်းမှာလည်း ကောလာဟလသာ  ဖြစ်ကြောင်း ဗိုလ်ချုပ် အောင်စိုးက ပြောဆိုသည်။

“အဲဒါတွေက ကောလာဟလပါ။ အဲဒီမှာ ကျွန်တော် ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

 မောင်တောခရိုင်တွင် မြို့ရွာ လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်နေပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် တပ်စခန်းများ လုံခြုံရေးကိုလည်း တည်ဆောက်နေကြောင်း၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ အင်အားကိုလည်း တိုးမြှင့် ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။

“စိုးရိမ်စိတ်တွေနဲ့ ရပ်ရွာတွေကို စွန့်ခွာပြီး ရှောင်တိမ်း နေကြတဲ့အတွက် မိမိရပ်ရွာမှာ အန္တရာယ် ကင်းကင်းနဲ့ ပြန်လည် နေထိုင်နိုင်တဲ့ အဆင့်အထိ ရောက်အောင် ကြိုးစားဆောင်ရွက် နေပါတယ်”ဟု ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။


ကျောင်းဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများကိုလည်း အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင် ကာ အစိုးရ အစီအစဉ်နှင့် ပြန်လည် ခေါ်ဆောင်နေပြီး လိုအပ်လျှင် တပ်မတော် ရဟတ်ယာဉ် အသုံးပြုကာ ခေါ်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 
Loading...