Breaking News


မြန်မာပြည်သိန်းတန် ဟာ Gay တစ်ယောက်လားဆိုတာမေးကြည့်တဲ့အခါ


Loading...

သူတို့မှာ လွတ်လပ်စွာ ထင်ပိုင်ခွင့် ရှိသလို၊ လွတ်လပ်စွာ ပြောပိုင်ခွင့်လည်း ရှိပါတယ်

Image result for myanmarpyi TheinTan

Voice : ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးမယ့် ဖက်ရှင်ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ဘယ်လိုကြောင့် လက်ခံဖြစ်ခဲ့တာလဲ။

MPTT : အောင်တိုင်းကျော် ထုတ်လုပ်ရေးက တာဝန်ရှိသူတွေက ဒီဇာတ်ကားလေးကို ဦးတို့နဲ့  ရိုက်ကူးချင်တဲ့အကြောင်း ဆက်သွယ်လာခဲ့ပါတယ်။ သူတို့နဲ့ စကားပြောကြည့်တဲ့အခါမှာ ဦးတို့ ဇနီးမောင်နှံကလည်း စိတ်ပါဝင်စားသွားတဲ့အတွက် လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။ ဇာတ်လမ်းထဲမှာ ဦးက ဂီတသမားတစ်ယောက် ပုံစံ သရုပ်ဆောင်ရမှာပါ။ ဖက်ရှင်ဆန်းဆန်းလေးတွေ ထွင်ပြီးတော့ ဝတ်တဲ့ လူတစ်ယောက်ပေါ့။ ဦးဝတ်မယ့် ဖက်ရှင်တွေကို တီထွင်ပေးမှာကတော့ ဦးရဲ့ အချစ်ဆုံး တေးချစ်သူ ဒေါက်တာနုနန္ဒာသန်းပါ။ သူကလည်း အဲ့ဒီလို ဇာတ်လမ်းထဲမှာ ပါဝင် သရုပ်ဆောင်ရမှာပါ။ ဒီကားမှာ မင်းသား ဇေရဲထက်ကတော့ ဦးတို့ နှစ်ယောက်ရဲ့ သားပေါ့။

Voice : အဲ့ဒါဆို ဒီကားမှာ ဦးသိန်းတန် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်က အပြင်ပုံစံနဲ့ သိပ်မကွာဘူးပေါ့။

MPTT : အဲ့ဒီလိုလည်း ပြောလို့ရပါတယ်။ ဦးရဲ့ အနေအထားက ဒီကားအတွက် ဘာမှထွေထွေထူးထူး ပြုပြင်ဖို့ မလိုဘူးလေ။ ဥပမာ- ဆံပင်ကို အတိုညှပ်ဖို့၊ ကတုံးတုံးဖို့ မလိုဘူး။ ကိုယ့်နဂိုပုံစံ အတိုင်းပဲ သရုပ်ဆောင်ရမှာပါ။ အဝတ်အစားလေးတွေကိုတော့ လှလှပပ ဆန်းဆန်းပြားပြားလေးတွေ ဝတ်ရမယ်။ သီချင်းသီဆိုတဲ့ အခန်းလေးတွေ ပါပါတယ်။ ပြောရရင် ဒီဇာတ်လမ်းက ဦးရဲ့ ဝါသနာ ရှိရင်းစွဲ ရှိတဲ့ အနေအထားနဲ့လည်း ကိုက်ညီနေတယ်လေ။ အဲ့ဒါကြောင့်မို့လို့လည်း လက်ခံရိုက်ကူးဖြစ်တာပါ။ ဦးက ငယ်ငယ်ကတည်းက ဂီတသမားတစ်ယောက် အနေနဲ့ပဲ ရပ်တည်ခဲ့တာပါ။ ဒီလိုမျိုး ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာမယ်လို့လည်း ဦးတို့ မမျှော်လင့်ထားခဲ့ပါဘူး။ ထုတ်လုပ်သူတွေ လာဆွေးနွေးတဲ့ ဇာတ်ကလေးကလည်း စိတ်ဝင်စားဖို့ ကောင်းတာနဲ့ လက်ခံခဲ့တာပါ။

Voice : ဒီဇာတ်ကားမှာကျတော့ ဦးသိန်းကို ဘယ်လို ဖက်ရှင်ဆန်းဆန်းလေးတွေနဲ့ မြင်တွေ့ရမလဲ။

MPTT : ဒီကားမှာ ဝတ်ရမယ့် ဖက်ရှင်တွေကို ဦးရဲ့ဇနီးကပဲ စီစဉ်ပေးမှာပါ။ သူကပဲ ဖက်ရှင်လေးတွေကို တီထွင်ပေးမှာပေါ့လေ။ ချုပ်လုပ်ပေးမှာကတော့ Aroma က ကိုအောင်မြတ်သူတို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ Globe အပ်ချုပ်ဆိုင်တို့က ကူညီပြီးတော့ ချုပ်ပေးမှာပါ။ အခုတစ်လော ဦးဝတ်နေတဲ့ ဝေစ့်ကုတ်လေးတွေ၊ ဘောင်းဘီလေးတွေကို Globe Tailo က ကိုအောင်စိုးက ချုပ်ပေးတာပါ။ ဒီဇိုင်းကတော့ ဦးတို့က ပေးတာပေါ့လေ။ 

Voice : ဦးသိန်းတန် ဝတ်တဲ့ဖက်ရှင်တွေက အဲဗစ်ပရက်စလေ ဝတ်တဲ့ ဖက်ရှင်တွေနဲ့ တူတယ်လို့လည်း ပြောကြတယ်နော်။ သူ့ရဲ့ ဖက်ရှင်တွေကရော ဦးအပေါ် ဘယ်လောက်လွှမ်းမိုးမှု ရှိခဲ့လို့လဲ။

MPTT : ဒါကလည်း မှန်ပါတယ်။ အဲဗစ်ပရက်စလေက ဦးကို ငယ်ငယ်ကတည်းက လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ ခုနစ်တန်းကျောင်းသား အရွယ်က သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်မိပြီးတော့မှ သူ့ရဲ့ လွှမ်းမိုးမှုကို စပြီး ခံခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်း သူ့လို ဖြစ်ချင်လာတဲ့ စိတ်နဲ့ ကြိုးစားခဲ့လို့ ဒီအခြေအနေအထိ ဖြစ်လာခဲ့တာပါ။ ဒီ နောက်ပိုင်းမှာလည်း ပရက်စလေက သူ့ရဲ့ဖက်ရှင်ကို တစ်မျိုးပြောင်း ဝတ်တယ်။ သူ မသေဆုံးခင်အထိ အဲ့ဒီလို ဖက်ရှင်တွေ ဝတ်ပြီး စတိတ်ရှိုးတွေ လုပ်သွားတယ်။ အဲ့ဒါကိုလည်း ဦးက တွေ့ပြီးတော့ နှစ်သက်ခဲ့တယ်။ အခုနောက်ပိုင်းမှာ ဦးက သူ့လို ဝတ်ချင်လာတဲ့ ဆန္ဒရှိတော့ အချစ်ဆုံး တေးချစ်သူက ပရက်စလေလို ဖက်ရှင်လေးတွေ ထွင်ပေးတယ်။ သူနဲ့ တစ်ထပ်တည်း တူတာတော့ မဟုတ်ဘူးပေါ့။ သူ့ရဲ့ ဟန်လေးကိုပဲ ယူထားတာပါ။

Voice : ဦးသိန်းတန် ပါဝင်သရုပ်ဆောင်မယ့် ဖက်ရှင်ရုပ်ရှင်ဇာတ်ကားကို စောင့်မျှော်နေမယ့် ပရိသတ်တွေကိုရော ဘာများကြိုပြောထားချင်လဲ။

MPTT : ဖက်ရှင် ရုပ်ရှင်ဇာတ်ကားကြောင့်  ဦးအနေနဲ့ မမျှော်လင့်ဘဲ ရုပ်ရှင်ပိတ်ကားပေါ်ကို အလည်သွားရောက်ခွင့် ရလိုက်တာပေါ့လေ။ ပရိသတ်တွေ အနေနဲ့လည်း ဦးကို ရုပ်ရှင်ပိတ်ကားပေါ်မှာ နောက်ထပ် ပုံစံတစ်မျိုးနဲ့ တွေ့မြင်ကြရမှာပါ။  ဦးရဲ့ ထမင်းရှင်ဖြစ်တဲ့ တေးချစ်သူ မိဘပြည်သူများအတွက် ပိတ်ကားပေါ်မှာ ကျရာနေရာကနေ သဘာဝကျကျ သရုပ်ဆောင်သွားမှာပါ။ ပရိသတ်တွေအားလုံး နှစ်သက်စဖွယ်ဖြစ်အောင်၊ ကြိုးစားသွားမှာပါ။ အဲ့ဒါကြောင့် ပရိသတ်တွေ အားလုံးက ဖက်ရှင် ရုပ်ရှင်ဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရှုကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

Voice : တစ်လောတုန်းက စာစောင်တစ်ခုမှာ ဦးသိန်းတန်က Gay မဟုတ်ဘူးလို့ တရားဝင် ငြင်းလိုက်တယ်နော်။ ဘယ်လိုကြောင့် ပြန်လည်ဖြေရှင်းဖြစ်တာလဲ။

MPTT : တချို့ပရိသတ်တွေက ဘယ်လိုစိတ်ကူးနဲ့ ဦးကို Gay လို့ ထင်ကြလဲတော့ မသိဘူး။ ဒါပေမဲ့ သူတို့မှာ လွတ်လပ်စွာ ထင်ပိုင်ခွင့် ရှိသလို၊ လွတ်လပ်စွာ ပြောပိုင်ခွင့်လည်း ရှိပါတယ်။ ဒါကို ဦးတို့ နားလည်ပါတယ်။ သူတို့ ထင်တာလေးတွေ မှားလည်း မှားနေပါတယ်လို့ ဦးတို့က ရှင်းပြရုံပါပဲ။ သူတို့ထင်တာလေးတွေ မှန်နေရင်လည်း မှန်ပါတယ်ပေါ့။ ပရိသတ်တွေကတော့ ဦးတို့ ဂီတအနုပညာ ရှင်တွေအတွက် အုပ်ထိန်းသူ၊ မိဘတွေလိုပါပဲ။ ပရိသတ်တွေက ကိုယ့်ကို ကောင်းစေချင်လို့ ပြောကြတာ ရှိတယ်။ ပြုပြင်စေလိုတဲ့ စေတနာနဲ့ ဝေဖန်ကြတာ ရှိပါတယ်။ ဒါကို ဦးတို့ နားလည်ပါတယ်။ ဦးမှာက သားသမီးတွေလည်း ရှိတယ်။ မြေးတွေတောင် ရနေပါပြီ။ 

Voice : ဒီလိုဝေဖန်မှုတွေ ထွက်ပေါ်လာတာကရော ဘယ်လိုကြောင့် ဖြစ်မယ်လို့ ဦးသိန်းတန် သုံးသပ်မိလဲ။

MPTT : အဲ့ဒါကတော့ ဦးရဲ့ အနေအထိုင်၊ အမူအရာလေးတွေကို မြင်ပြီးတော့မှ ဒီလိုပြောကြတာ ဖြစ်မှာပါ။ စတိတ်ရှိုးတွေမှာ သီချင်းဆိုရင် ဦးက လက်လှုပ်ရှားမှုလေးတွေ ရှိတယ်ကွဲ့။ ဘယ်ဘက်လက်၊ ညာဘက်လက်ကလေးတွေ လှုပ်ရှားမှုကလည်း အများအမြင်မှာ တစ်မျိုးထင်စရာလေးတွေ ဖြစ်တယ်။ သို့ပေမယ့် ဦးကလည်း ဂီတရေယာဉ်ကြောမှာ မျောပြီးတော့မှ လှုပ်ရှားတာကိုး။ တစ်လောကလည်း ပိုပိုဟေသာရဲ့ ချစ်တဲ့ စိတ်သီချင်းကို အမျိုးသမီးရေးရာပွဲမှာ ဦးက ဆိုဖြစ်လိုက်တယ်လေ။ ဦးရဲ့ ဆိုဟန်လေးကို သီချင်းနဲ့ လိုက်ဖက်အောင် ဦးက လုပ်ရတယ်။ အဲ့ဒီမှာ လက်ဟန်ကလေးတွေကလည်း သီချင်းစာသားအလျောက် ပါသွားတာပေါ့။ အဲ့ဒါလေးတွေကို တွေ့ပြီးတော့မှ တစ်မျိုးထင်ချင်တဲ့ ပရိသတ်တွေလည်း ရှိချင်ရှိမှာပေါ့။ ဒီလိုထင်တဲ့အတွက် ဦးအနေနဲ့တော့ ပရိသတ်တွေကို စိတ်ထဲမှာ ဘယ်လိုမှ သဘောမထားပါဘူး။ 
thevoicemyanmar
Loading...