နေပြည်တော်တွင် လင်ယောက်ျားအားသတ်ပြီး ဇနီးကို အဓမ္မပြုကျင့်သူများအား သေဒဏ်ချမှတ်သည့်အပေါ် အယူခံတင်သွင်းမှု ပြည်ထောာင်စု တရားလွှတ်တော်ချုပ် ပလပ်


_________________________________________________________

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန်အတွင်း လင်ယောက်ျားအားသတ်ကာ ဇနီးဖြစ်သူကို အဓမ္မပြုကျင့်မှု ကျူးလွန်သူ သုံးဦးအား ခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့သည့်အပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံတင်သွင်းရာ ပလပ်ခံရကြောင်း သတင်းရရှိသည်။
အဆိုပါ လူသတ်မှု၊ အဓမ္မမှု ကျူးလွန်သူ လေးဦးအနက် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ဖြစ်သော အောင်တင်မျိုး (ခ) အောင်ပိုင်၊ ကျော်မောင် (ခ) ဇော်ဇော်အောင်၊ ဇော်လေး (ခ) ဇော်မျိုးသူတို့အား မတ် ၁၆ ရက်တွင် ဒက္ခိဏခရိုင် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၂ (၁) (ဂ) အရ မသေမချင်းလည် ပင်းကြိုးကွင်းစွပ် သတ်စေရန် အမိန့်ချမှတ်ခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ အရ ထောင်ဒဏ်ငါးနှစ်နှင့် ကျော်မောင် (ခ) ဇော်ဇော်အောင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ အရ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံ တင်သွင်းခဲ့ပြီး စက်တင်ဘာ ၂၃ ရက်က တရားသူကြီး သုံးဦးရှေ့တွင် စီရင်ချက် ချမှတ်ရာ၌ ပလပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်မှု ကျူးလွန်စဉ်က အသက် ၁၅ နှစ် မပြည့်သေးသော မောင်မျိုး (ခ)မျိုးဇော်ဝင်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ် ကျခံစေရန် ဇမ္ဗူသီရိမြို့နယ် ကလေးသူငယ် တရားရုံးက မတ် ၁၇ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ် နောင်ဘိုကျေးရွာနေ အသက် ၁၆ နှစ်ခန့်ရှိ လူငယ်စုံတွဲမှာ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၉ ရက် ညပိုင်း၌ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Junction စင်တာ အနီးသို့ လာရောက်စဉ် ယခုပြစ်မှု ကျူးလွန်သူ လူငယ်လေးဦးနှင့် တွေ့ရှိခဲ့ပြီး လူငယ်လေးဦးက Junction စင်တာ နောက်ကျောဘက်၊ သံတမန်ဇုန်အတွင်းသို့ ခြိမ်းခြောက်ခေါ်ဆောင်ကာ အမျိုးသားဖြစ်သူအား ဆိုင်ကယ် အိတ်ဇောဖြင့်ရိုက်၊ ဓားဖြင့်ထိုးသတ်ခဲ့ပြီး အမျိုးသမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
Writer:
ကျော်မျိုး
============
Eleven Media Group
Loading...