Breaking News

အမျိုးသမီးရေကူးမယ်များ၏အ၀တ်လဲခန်းအတွင်း၌ လျှို့ဝှက်ကင်မရာများ တပ်ဆင်ခဲ့သော ရေကူးအသင်းမန်နေဂျာ ရာထူးကနုတ်ထွက်


Loading...
----------------------------





လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ပုဂ္ဂလိကလွတ်လပ်ခွင့် ချိုးဖောက်မှု၊ ဂုဏ်သိက္ခာ ထိပါးမှု အစရှိသည့်ပြစ်မှုများဖြင့် စွဲချက်တင်သွားဖွယ်ရှိနေပြီး
--------------------------------------
တောင်ကိုရီးယားရေကူးအသင်းမန်နေဂျာ အန်ဂျောင်တိတ်ခ်သည် အမျိုးသမီးရေကူးမယ်များ၏အ၀တ်လဲခန်းအတွင်း၌ လျှို့ဝှက်ကင်မရာများ တပ်ဆင်ခဲ့ခြင်းကို ၀န်ခံဖြောင့်ချက်ပေးလိုက်ပြီဖြစ်ကာ လက်ရှိတွင် ၎င်းကျူးလွန်မိခဲ့သောပြစ်မှုကို တာဝန်ယူသည့်သဘောဖြင့် မန်နေဂျာ အန်ဂျောင်တိတ်ခ်က ရာထူးမှနေ၍ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။

အန်ဂျောင်တိတ်ခ်သည် ၂၀၀၈ ခုနှစ်တွင် တောင်ကိုရီးယားရေကူးအသင်း၌ နည်းပြချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ၎င်းကို အသင်းမန်နေဂျာအဖြစ် တောင်ကိုရီးယားရေကူးအဖွဲ့ချုပ်က ရာထူးတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

အန်ဂျောင်တိတ်ခ်သည် ကျင်းပပြီးစီးသွားခဲ့သည့် ရီယိုဒီဂျနေးရိုးအိုလံပစ်ပြိုင်ပွဲတွင်လည်း တောင်ကိုရီးယားရေကူးအသင်း၌ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ကာ လက်ရှိတွင် တောင်ကိုရီးယားရဲတပ်ဖွဲ့က အဆိုပါပြစ်မှုကျူးလွန်ခဲ့ခြင်းအတွက် အန်ဂျောင်တိတ်ခ်ကို ခေါ်ယူစစ်ဆေးနေပြီဖြစ်သည်။

အန်ဂျောင်တိတ်ခ်သည် တောင်ကိုရီးယားလက်ရွေးစင် ရေကူးကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ကာ ၂၀၁၃ ခုနှစ်အတွင်းတွင် အမျိုးသမီးရေကူးမယ်များ၏အ၀တ်လဲခန်းအတွင်း၌ လျှို့ဝှက်ကင်မရာများကို တပ်ဆင်ခဲ့မိခြင်းဖြစ်သည်ဟု အန်ဂျောင်တိခ်က ၀န်ခံပြောကြားထားသည်။

တောင်ကိုရီးယားရဲတပ်ဖွဲ့သည် အန်ဂျောင်တိတ်ခ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ပုဂ္ဂလိကလွတ်လပ်ခွင့် ချိုးဖောက်မှု၊ ဂုဏ်သိက္ခာ ထိပါးမှု အစရှိသည့်ပြစ်မှုများဖြင့် စွဲချက်တင်သွားဖွယ်ရှိနေပြီး လက်ရှိတွင် ခိုင်လုံသည့် သက်သေအထောက်အထားများရရှိရန် ယင်းအချိန်ကာလ၌ တောင်ကိုရီးယားရေကူးလက်ရွေးစင်အသင်းတွင် ထည့်သွင်းရွေးချယ်ခံခဲ့ရသည့် ရေကူးမယ်အချို့ကိုလည်း ရဲတပ်ဖွဲ့က ခေါ်ယူစစ်မေးမှုများ ဆောင်ရွက်နေပြီဖြစ်သည်။

တောင်ကိုရီးယားရေကူးအဖွဲ့ချုပ်သည် အန်ဂျောင်တိတ်ခ်၏လုပ်ရပ်ကို လွန်စွာဒေါသပေါက်ကွဲနေပြီး ယင်းလုပ်ရပ်မှာ ၎င်းတို့အားစားအဖွဲ့၏ဂုဏ်သိက္ခာကို ကမ္ဘာ့အားကစားလောကအလယ်တွင် လွန်စွာညှိုးနွမ်းသွားစေခဲ့ကြောင်း တောင်ကိုရီးယားရေကူးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာထားသည်။
The voice
Loading...