တေးသံရှင်ဂျက်မြသောင်း ဂီတအစည်းအရုံးကို တရားစွဲဆိုသွားမည်



_________________________________________________________


မြန်မာနိုင်ငံ ဂီတအစည်းအရုံးသည် အဆိုတော် ဂျက်မြသောင်း၏ သီချင်းများကို ခွင့်ပြုချက်မယူဘဲ ထုတ်လွှင့် ခွင့်ပေးသောကြောင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တေးသံရှင် ဂျက်မြသောင်းက စက်တင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့၊ မြန်မာဂျာ နယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

၎င်း၏သီချင်းများကို ခွင့်ပြုချက်မယူဘဲ ရောင်းချခြင်း၊ သီဆိုခြင်း၊ ထုတ်လုပ်ရိုက်ကူးခြင်း၊ အသံထုတ်လွှင့်ခြင်း နှင့် ရုပ်သံထုတ်လွှင့်မှုများ ပြုလုပ်နေသည့်အပေါ် ရှေ့နေဖြင့် နိုင်ငံတော်ပိုင်အစိုးရသတင်းစာမှ (၂)ကြိမ်တိတိ သတိပေးခဲ့သည့်အပြင် ဂီတအစည်းအရုံးကို တိုင်ကြားခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။

‘‘ကျွန်တော့်သီချင်းတွေကို Ringtone လုပ်တာ (၆၇)ကျပ်(၅)ပြားရတယ်။ FM တွေကလွှင့်ရင် တစ်ပုဒ်ကို(၁၅၀) ရတယ်လို့ သိရတယ်။ ဒီလိုထုတ်လွှင့်ဖို့ ကျွန်တော်ခွင့်ပြုမထားဘူး။ ကျွန်တော့်ဆီက ခွင့်ပြုချက်မယူဘဲ အစည်းအရုံးက ဒီသီချင်းတွေကိုလွှင့်ခွင့်ပေးတယ်။ ကျွန်တော့်ခွင့်ပြုချက်မယူဘဲ အဲလိုသုံးတာကို ဖြေရှင်းပေးဖို့ အစည်းအရုံးကိုပြောတယ်။ အစည်းအရုံးက ဘာမှမတုန့်ပြန်ဘူး။ ကျွန်တော်တို့ အနုပညာသမားတွေ သီချင်းတစ်ပုဒ်အောင်မြင်ဖို့ ဘယ်လိုကြိုးစားရလဲဆိုတာ သိကြမှာပါ။ အနည်းဆုံး ဆင်ဆာတင်ရင်တောင် (၂၀၀၀၀)လောက်ကျတာ။ ဒါ ကို ကျွန်တော့်ခွင့်ပြုချက် မယူဘဲရောင်းနေတာ ကျွန်တော်လက်မခံဘူး။ ဒါကြောင့် ဒီလကုန်လောက်မှာ အစည်းအရုံးကို တရားစွဲပါမယ်။’’ဟု ဂျက်မြသောင်းက ပြောသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများမှတဆင့် ၂၀၁၅ ခုနှစ် သြဂုတ်လတွင်တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် ဧပြီလတွင်တစ်ကြိမ် (၂)ကြိမ်တိတိ သတိပေးခဲ့သော်လည်း ဆက်လက်ပြုလုပ်နေသောကြောင့် တည်ဆဲဥပဒေအရ တရားစွဲနိုင်ရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် ဂျက်မြသောင်း၏ရှေ့နေ ဦးဌေးကပြောသည်။

“ရုပ်သံတွေ၊ ရေဒီယိုတွေက သီချင်းထုတ်လွှင့်တဲ့ အပိုင်းတွေကို ၂၀၁၀ ခုနှစ်ကတည်းက ဂီတအလွှာ(၅)လွှာရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ သဘောတူညီပြီး ထုတ်လွှင့်ခွင့်ပေးခဲ့တာ။ ဂျက်မြသောင်းက သဘောမကျတဲ့ အခါ ရုပ်သံတွေ၊ ရေဒီယိုတွေကို ဂျက်မြသောင်းရဲ့သီချင်းတွေကို အသုံးပြုချင်ရင် ဂျက်မြသောင်းဆီ တိုက်ရိုက် ဆက်သွယ်ပြီး ခွင့်ပြုချက်တောင်းဖို့ စာထုတ်ထားပြီးသားပါ။ တရားစွဲမယ်ဆိုရင်လည်း ကျွန်တော်တို့ ရင်ဆိုင်သွားမှာပါ”ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဌ ဦးလွင်မြင့်ကပြောသည်။

ဂျက်မြသောင်းအနေဖြင့် နိုင်ငံတော်သမ္မတ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်အချို့၊ တရားလွှတ်တော်ချုပ်ရုံး၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနများသို့ တိုင်ကြားစာများ ပေးပို့ထားကြောင်း သိရသည်။

နောက်ပိုင်းတွင် ၎င်း၏သီချင်းများကို ကြိုတင်ဆက်သွယ်၍ ခွင့်ပြုချက်တောင်းခံပါက သီဆိုခွင့်ပြုမည်ဖြစ်ပြီး စီးပွားရေးအရ အသုံးပြုမည်ဆိုပါက သီချင်း၏ အောင်မြင်မှုအလိုက် မူပိုင်ခွင့်အတွက် အနုပညာကြေးရယူသွားမည် ဖြစ်ကြောင်းသိရသည်။

MMK
The Ladies News

Loading...