ရဲတပ်ကြပ်နှင့်လုံခြုံရေးက ကျောင်းသူတဦးကိုအဓမ္မကျင့်ရန်ကြံစည်


_________________________________________________________

သူ့ကိုပွေ့ခေါ်သွားပြီး အဓမ္မပြုရန်ကြံရွယ်တဲ့အတွက် သူကအဲဒီအိမ်ကနေ ထွက်ပြေးကာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီ တိုင်ကြားခဲ့တယ်
---------------------------------------------------------
ထိုင်းနိုင်ငံအရှေ့ပိုင်း ပရကျင်းပူရီခရိုင်မှာ အသက် ၁၃ နှစ်ရွယ် အလယ်တန်း ကျောင်းသူမိန်းကလေးတဦးဟာ တညတည်းမှာပဲ တာဝန်ရှိသူ ၂ ဦးရဲ့ အဓမ္မပြုကျင့်ဖို့ ကြံစည်တာကို ခံခဲ့ရတယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မိန်းကလေးကို အဓမ္မကျင့်ဖို့ ကြံရွယ်သူ ၂ ဦးမှာ ဆေးရုံ လုံခြုံရေးအစောင့်တဦးနဲ့  နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်အဆင့်ရှိသူတဦး ဖြစ်နေတာကြောင့်  အမှုကို အလေးမထားမှာ စိုးရိမ်ပြီး သူ့မိခင်က ခေါဝ်ဆွတ်သတင်းဌာနကို စက်တင်ဘာ ၅ ရက်နေ့မှာ လာရောက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
သတင်းထောက်တွေက ရဲစခန်းထိ လိုက်လံမေးမြန်းချက်အရ အေ (အမည်ရင်းမဟုတ်) လို့ ခေါ်တဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ဆေးရုံတက်နေတဲ့ သူငယ်ချင်းကိုသွားကြည့်ပြီး ညအိပ်စောင့်ဖို့နေခဲ့ကြောင်း၊ ဒါပေမယ့် ဆေးရုံမှာ အိပ်စရာအဆင်မပြေတဲ့အတွက် သိကျွမ်းနေသူ ဆေးရုံလုံခြုံရေးဝန်ထမ်းက သူ့အိမ်မှာလိုက်အိပ်ပါဆိုလို့ ဆိုင်ကယ်နောက်ကနေ စီးလိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လုံခြုံရေးဝန်ထမ်း အိမ်ရောက်တဲ့အခါ သူ့ကိုပွေ့ခေါ်သွားပြီး အဓမ္မပြုရန်ကြံရွယ်တဲ့အတွက် သူကအဲဒီအိမ်ကနေ ထွက်ပြေးကာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီ တိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရဲစခန်းကို ဖုန်းဆက်ပေးပြီး ရဲတပ်ဖွဲ့ဝင်တဦးက သူ့ကိုဆိုင်ကယ်နဲ့ လာကြိုခဲ့ကြောင်း၊ ရဲစခန်းကို ရောက်ချိန် မနက် ၃ နာရီလောက်ရှိပြီဖြစ်တဲ့အတွက် ရဲဝန်ထမ်းက သူ့ကို ရဲစခန်းမှာပဲနေဖို့ ပြောလို့ သူမက ထိုင်ခုံမှာထိုင်စဉ် နောက်ထပ် ရဲတပ်ကြပ် အဆင့်ရှိ သူတဦးက အထပ် ၅ မှာရှိတဲ့ နားနေခန်းမှာ သွားအိပ်ဖို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အဲဒီရဲက သူ့ကို မအိပ်ခင် ဆေးသောက်ဖို့အ၀ါရောင် ဆေးပြား ၄ ပြားကို ပေးပြီးပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။
မိန်းကလေးက မသင်္ကာတာနဲ့ ဆေးကိုမသောက်ဘဲ ခေါင်းအုံးအောက်မှာ ၀ှက်ထားကြောင်း၊ မနက် ၆ နာရီရောက်တော့ အဆိုပါရဲက အရပ်ဝတ်နဲ့ ပြန်ရောက်လာပြီး သူ့ကို မတော်မတရားပြုဖို့ပြုစဉ် သူက အဆိုပါရဲရဲ့နှုတ်ခမ်းကို ပြန်ကိုက်ပြီး ငိုယိုကာအောက်ထပ်ကို ပြေးဆင်းခဲ့တယ်လို့ ပြောပါတယ်။
မိုးလင်းတော့ မိဘအုပ်ထိန်းသူတွေရောက်လာပြီး အမှုတိုင်ချက်ဖွင့်ခဲ့ကြောင်း၊ ရဲစခန်းက လုံခြုံရေးဝန်ထမ်းကို ခေါ်ယူစစ်ဆေးပြီးဖြစ်ပေမယ့် ရဲတပ်ကြပ်ကြီးကတော့ နယ်မြေပြင်ပရောက်နေတယ်ဆိုပြီး လာရောက်စစ်ဆေးမခံသေးဘူးလို့ ဆိုပါတယ်။
မိန်းကလေးကိုတော့ ဆေးရုံမှာ ဆေးစစ်ထားပြီး ရဲက သောက်ခိုင်းတဲ့ ဆေးအမျိုးအစားကိုလည်း စစ်ဆေးနေကြောင်း၊ ဆေးစစ်ချက်အဖြေတွေ ၅ ရက်အကြာမှာမှ သိရမယ်လို့  ရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ဖြေကြားသွားပါတယ်။
DVB