အိမ်ဖော်မလေးအား အိပ်နေစဉ် ဓါးရှည်ဖြင့် တိုက်ခိုက်ခဲ့သည့် အိမ်ရှင်အဘိုးကြီး



_________________________________________________________

နင့်ကိုယ်ထဲမှာ မိစ္ဆာရှိတာ ငါမြင်တယ်ဟု အော်ဟစ်ခဲ့သည်။

စင်ကာပူနိုင်ငံတွင် မြန်မာအိမ်ဖော်မလေးအား အိပ်နေစဉ် ဓါးရှည်ဖြင့် တိုက်ခိုက်ခဲ့သည့် အိမ်ရှင်အဘိုးကြီး အား ထောင်ဒဏ် ၄နှစ်ခွဲ ချမှတ်
--------------------

စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၆ က မြန်မာအိမ်ဖော်ဖြစ်သူအား ဓားဖြင့် ခုတ်ခဲ့သည့် အသက် ၆၀ နှစ်အရွယ် အလာဂီရီဆာမီ မိုဟန်နာဒါအား တရားရုံးက သောကြာနေ့ (စက်တင်ဘာ ၂ )တွင် ထောင်ဒဏ် လေးနှစ်ခွဲ ချမှတ်ခဲ့သည်။ အမှုဖြစ်ပွားသည့်နေ့က နံနက်စောစောပိုင်းတွင် ဘီယာ ၆ ပုလင်း သောက်ထားသည့် အလာဂီရီဆာမီက အိပ်ပျော်နေသည့် အိမ်ဖော်ဖြစ်သူ မဖြူစင်ဝေအောင်အား ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။

တရားရုံး စာရွက်စာတမ်းများတွင် ဖော်ပြချက်အရ ထိုနေ့က နံနက် ၆ နာရီ ၇ မိနစ်တွင် အလာဂီရီဆာမီသည် လိုရောင်း ၇ လမ်း၊ တိုပါယိုးရှိ ယင်း၏ နေအိမ်အတွင်း ဆိုဖာခုံပေါ်တွင် အိမ်ဖော်ဖြစ်သူ အိပ်နေသည်ကို တွေ့ခဲ့သည်ဟု ဆိုသည်။ အလာဂီရီဆာမီက ယင်း၏ မြေးဖြစ်သူကို အိမ်ဖော်ဖြစ်သူက ကောင်းမွန်စွာ ဆက်ဆံခြင်းမရှိဘဲ ဒဏ်ရာရစေခဲ့ဖူးသည့် အကြောင်း တွေးမိကာ ဒေါသထွက်လာပြီးနောက် အသွား ၃၀ စင်တီမီတာရှိ ဓားမကို သွားယူကာ ခုတ်ခဲ့ခြင်းဖြစ်သpည်ဟု ဆိုသည်။

ယင်းက အိမ်ဖော်ဖြစ်သူ မဖြူစင်ဝေအောင်၏ မျက်နှာနှင့် ညာလက်ကို ဓားဖြင့်ခုတ်နေစဉ် “နင့်ကိုယ်ထဲမှာ မိစ္ဆာရှိတာ ငါမြင်တယ်” ဟု အော်ဟစ်ခဲ့သည်။ အိမ်ဖော်ဖြစ်သူမှာ အိပ်မက် မက်နေသည်ဟု ထင်ကာ တုံ့ပြန်မှုမပြုမိခဲ့ဟု ဆိုသည်။ တိုက်ခိုက်သံများကြောင့် အလာဂီရီဆာမီ၏ တူမဖြစ်သူ ဆာရာဆွာသီ နိုးလာခဲ့ပြီး ယင်းက အဖြစ်အပျက်ကို တွေ့သောအခါ ဦးလေးဖြစ်သူအား ဓာတ်ပုံဘောင်များဖြင့် ပစ်ပေါက်ခဲ့သည်။ အလာဂီရီဆာမီ၏ လက်မှ ဓားလွတ်ကျသွားချိန်တွင် ဆာရာဆွာသီ၏ မိခင်နှင့် အစ်မတို့ နိုးလာပြီးနောက် ယင်းတို့က ဓားကို အဝေးသို့ ယူဆောင်သွားခဲ့သည်။

 အိမ်ဖော်ဖြစ်သူ မဖြူစင်ဝေအောင် ထိုအချိန်မှသာ အိပ်မက်မဟုတ်ဘဲ အမှန်တကယ် တိုက်ခိုက်ခံရမှန်းသိကာ ထိတ်လန့်ခဲ့ပြီး ယင်းကို တန်ထောက်ဆန်ဆေးရုံသို့ တင်ပို့ခဲ့သည်။ အိမ်ဖော်ဖြစ်သူ၏ ညာလက်တွင် ပြတ်ရှဒဏ်ရာများ ရခဲ့သည်ဟု ဆေးစစ်ချက်တွင် ဖော်ပြသည်။

မစ္စတာ အလာဂီရီဆာမီသည် အရက်စွဲနေသည့် ရောဂါရှိသော်လည်း တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် စိတ်ပုံမှန်အတိုင်းသာ ရှိသည်ဟု စစ်ချက်တွင် ဖော်ပြသည်။ ယင်းသည် အရက်၏ လွှမ်းမိုးမှုရှိနေသော်လည်း မိမိလုပ်ရပ်ကို အပြည့်အ၀ သိရှိသည်ဟု ဆိုသည်။ တရားခံအား ထောင်ဒဏ် ငါးနှစ်ချမှတ်ရန် တောင်းဆိုခဲ့သည့် လက်ထောက်အစိုးရ ရှေ့နေ တီယိုလူဂျာက “အိမ်ဖော်ကို တိုက်ခိုက်တာက တရားရေးကို စိုးရိမ်စေပါတယ်။ တရားခံကို အပြစ်ပေးဖို့ ဆုံးဖြတ်ရာမှာ ဒါမျိုးကို အဟန့်အတား ဖြစ်စေဖို့ ထည့်သွင်းစဉ်းစားရမှာပါ” ဟု ပြောကြားခဲ့သည်။

အိမ်ဖော်ဖြစ်သူ မဖြူစင်ဝေအောင်က မည်သည့် စတင်ပြုမူမှုမျှမရှိဘဲ တိုက်ခိုက်ခဲ့ခြင်းမှာ အလွန်ရန်လိုသည့် လုပ်ရပ်ဟု ယင်းကဆိုသည်။ “ဒီအမှုမှာ အလွန်ရန်လိုတဲ့ အပြုအမူပါဝင်ပြီး အန္တရာယ်ရှိတဲ့ လက်နက်ကို အသုံးပြု ခဲ့ပါတယ်။ ပိုအရေးကြီးတာက အိမ်ဖော်အိပ်နေချိန် အကာအကွယ်မဲ့၊ အကူအညီ မဲ့နေချိန်မှာ တိုက်ခိုက်တာပါ” ဟု ယိုလူဂျာက ဆိုသည်။ အလာဂီရီဆာမီသည် အမြင့်ဆုံးအဖြစ် ထောင်ဒဏ်တစ်သက် (သို့) ၁၅ နှစ်နှင့် ဒဏ်ငွေ (သို့) ကြိမ်ဒဏ် ချမှတ်ခံရနိုင်သည်။

KHTun

The Ladies News
Loading...