Breaking News

ဒေါက်တာခင်စန္ဒီကျော် သေဆုံးခဲ့မှု၌ မှားယွင်းသတင်း ထုတ်ပြန်မှုကို ဖြေရှင်းပေးရန် ကျန်ရစ်သူမိသားစုက တောင်းဆို



Loading...
----------------------------

တပ်ကုန်း-ပင်လောင်း ကားလမ်းတွင် အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးဇနီးမောင်နှံ သေဆုံးခဲ့မှုတွင် သတင်းထုတ်ပြန်မှုများ မှားယွင်းမှုကြောင့်   သေဆုံးသူနှင့် မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့ရသည့်အတွက် နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးက ပြန်လည်ဖြေရှင်းပေးရန် လိုအပ် ကြောင်း ဒေါက်တာခင်စန္ဒီကျော်၏ မိသားစုဝင်များက တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ အင်းစိန် စိန်ပေါဘုရားကျောင်းတွင် စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ သေဆုံးသူ ဒေါက်တာ ခင်စန္ဒီကျော် အစ်မဖြစ်သူ ဒေါ်စုမွန်မွန်ကျော်က ဗိုလ်မှူးဝေဖြိုးအောင် သေဆုံးမှုတွင် ဇနီးဖြစ်သူဒေါက်တာ ခင်စန္ဒီကျော်က သတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည်ဟု နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က အတည်ပြုပြော ကြားခဲ့ခြင်းကြောင့် ဒေါက်တာခင်စန္ဒီကျော်နှင့် မိသားစု၏ ဂုဏ်သိက္ခာ နစ်နာဆုံးရှုံးခဲ့ကြောင်း ပြောကြားသည်။

"တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့လူကြီး တစ်ယောက်အနေနဲ့ အမှုမှာ မသေချာဘဲ သတင်းအချက်အလက် အချို့အပေါ် အတည်ပြု ပြောကြားခဲ့တာက ညီမလေးနဲ့ ကျန်ရစ်သူမိသားစုကို အများကြီး ထိခိုက် နစ်နာစေပါတယ်။ ကိုယ့်ရဲ့ မှားယွင်းစွာ ပြောကြားမှုကို ဘယ်လို ပြန်တာဝန်ယူ ဖြေရှင်းပေးမလဲဆိုတာ သိချင်ပါတယ်"ဟု ဒေါ်စုမွန်မွန်ကျော်က မေးခွန်းထုတ်ခဲ့သည်။

လက်ရှိတွင် ယင်းအမှုကို နေပြည်တော် မှုခင်းရဲတပ်ဖွဲ့(CID)မှ ဦးစီးကိုင်တွယ် စစ်ဆေးနေပြီး ၎င်းတို့အနေနှင့် သေဆုံးခဲ့သည့်    ဗိုလ်မှူးဝေဖြိုးအောင်နှင့် ဒေါက်တာခင်စန္ဒီကျော်တို့၏ ဆေးစစ်ချက်တို့ကို အသေးစိတ် မသိရှိရသေးခြင်းကြောင့် အတည်ပြုပြောကြားရန် မလွယ် ကူကြောင်း မှုခင်းရဲတပ်ဖွဲ့(CID)မှ ရဲမှူးကြီး တင်အောင်ဝင်းက The Voice သို့ ပြောကြားသည်။

"မှုခင်းရဲတပ်ဖွဲ့ CID ဆီ မရောက်ခင်မှာ ကိုင်တွယ်ဖြေရှင်း အတည်ပြုချက် ပေးခဲ့တဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အပေါ် ဘာမှ မှတ်ချက် ပေးစရာမရှိပါဘူး" ဟု ၎င်းက ပြောကြားသည်။

ပင်လောင်းကားလမ်းတွင် စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက ဗိုလ်မှူး ဝေဖြိုးအောင်မှာ ၎င်းကိုယ်ပိုင်ယာဉ်ပေါ်တွင် ဓားဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသော ဇနီးဖြစ်သူ ဒေါက်တာ ခင်စန္ဒီကျော်ကို ဆက်လက်ရှာဖွေရာမှ အခင်းဖြစ်ခဲ့သည့်နေရာနှင့် ၅ မိုင်ခန့်ဝေးသည့် ချောက်တစ်ခုထဲမှ ဓားဒဏ်ရာများဖြင့် ထပ်မံတွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ယင်းအပြင် အခင်းဖြစ်ခဲ့သည့် နေရာတွင် ကျန်ရစ်သူ လေးနှစ်အရွယ် သမီးငယ်က ဖခင်က မိခင်ကို ဓားဖြင့်ထိုးကာ ချောက်ထဲချခဲ့ကြောင်း၊ ထို့နောက် သမီးနှင့်အတူ ကားကို ဆက်လက် မောင်းလာခဲ့ပြီးနောက် သေဆုံးခဲ့သည့် နေရာအနီးတွင် ရပ်၍ မိမိကိုယ်ကိုယ် ဓားဖြင့် ထိုးနှက်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့စစ်ဆေးချက်အရ သိရှိရသည်။
thevoicemyanmar
Loading...