သုံးနာရီ သုံးဆယ်ငါးမိနစ် အတွင်းတရားခံကို ဖမ်းမိနိုင်ခဲ့တဲ့ မြိတ်မြို့က လူသတ်မှု



_________________________________________________________




(၁-၉-၂၀၁၆)ရက်နေ့(၁၀၀၀)အချိန် မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ဦး မှ တမုတ်ချုံးကျေးရွာ အုပ်စု၊ရေဖြူကျေးရွာ နှင့် မြေမအုံကျေးရွာ အကြား ကျေးရွာချင်းဆက် လမ်းပေါ် တွင် အမျိုးသားလူသေ အလောင်းတစ်လောင်း အားတွေ့ရှိရကြောင်း သတင်း ပေးချက်အရ တနင်္သာရီ မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ် ထွန်းထွန်းနိုင်၊ ရဲတပ်ကြပ်ကြီး ကျော်ဆွေ တို့ သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ လမ်းမပေါ်တွင် အသက်(၃၅)နှစ်ခန့်၊ ဂျင်းဘောင်းဘီရှည် အစိမ်းနုရောင်၊ မိုးကာအင်္ကျီ အမည်းရောင် ဝတ်ဆင် ထားသည့် အရပ်(၅)ပေ၊ (၆)လက်မ၊ အသားညို၊ ခန္ဓာကိုယ်ပိန်၊ ၀ဲဘက်ခြေညိုးနှင့် ခြေခလယ် တိုနေသည့် အမည်မသိ အမျိုးသားအလောင်း တစ်လောင်း အား ဦးခေါင်း နားရွက်အနောက် ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ လည်ပင်း ပြတ်လုနီးပါးပြတ်ရှ ဒဏ်ရာ (၁) ချက်တို့ဖြင့် လမ်းမပေါ်တွင် မှောက်လျက် သေဆုံး နေသည်ကို တွေ့ရှိခဲ့ရပါသည်။

သေဆုံးသူ၏ အလောင်းအားစစ်ဆေးရာ ၀တ်ဆင်ထား သော အင်္ကျီအိတ်ကပ် အတွင်းမှ Fadar အမျိုးအစား အနီရောင်ဖုန်းတစ်လုံး၊ ငွေစက္ကူရောရာ (၁၆၃၀၀)ကျပ် တို့အား တွေ့ရှိရသဖြင့် သေဆုံးသူ၏ ဖုန်းတွင် ပါရှိသည့် နံပါတ်များအား ဆက်သွယ် စုံစမ်းခဲ့ရာ ဖုန်းပိုင်ရှင်မှာ မြင့်ထွေး(၃၇)နှစ်၊ (ဘ) ဦးသန်းစိန်၊ (အမိ) ဒေါ်စောရှီ၊ ဗမာ/ဗုဒ္ဓ၊ ပြည်ကြီး မဏ္ဍိုင်မြို့တွင် နေထိုင်သူ ဖြစ်ကြောင်း၊ ၄င်း၏ ဇနီးဖြစ်သူ မပြည့်မိုးမိုး ဖြစ်ကြောင်း သိရှိရသဖြင့် ဇနီးဖြစ်သူ မပြည့်မိုးမိုးအား ဆက်သွယ် မေးမြန်းခဲ့ရာ မြင့်ထွေးမှာ (၃၁-၈-၂၀၁၆) ရက်နေ့ (၁၅၀၀)အချိန် သူငယ်ချင်း ဖြစ်သူ မောင်နိုင်(၂၁)နှစ်၊ (ဘ)ဦးဝင်းမောင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် နေထိုင်သူ နှင့်အတူ ဆိုင်ကယ် (၁)စီးဖြင့် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာသို့ ဆိုင်ကယ် ရောင်းရန် ထွက်ခွာ သွားကြောင်း သိရှိခဲ့ရသဖြင့် သတ်သွားသူအား ဖော်ထုတ်ဖမ်းဆီးပေးရန် (၁၄၁၀)အချိန် ဒုရဲအုပ် ထွန်းထွန်းနိုင် မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တနင်္သာရီ မြို့မရဲစခန်း(ပ)၁၂၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့်အမှု ဖွင့်လှစ်ကာ ရဲအုပ် မောင်မောင်မှ အမှုအား စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ မသင်္ကာတရားခံဖြစ်သူ မောင်နိုင်သည် မြိတ်မြို့ သို့ ရောက်ရှိလာနိုင်ကြောင်း သုံးသပ် ရရှိရသဖြင့် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းမှ ခရိုင် မှု့ခင်းအကူအဖွဲ့မှ ရဲအုပ် ခင်မောင်အေးနှင့် တပ်ဖွဲ့ဝင် များ၊ မြိတ်မြို့မ ရဲစခန်းမှ ရဲတပ်ကြပ် ကျော်မင်းနှင့် သက်သေ မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်နှင့် အဖွဲ့များအား ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တွင် တွေ့ဆုံချပြ ရှင်းလင်းပြီး တရားခံ ရောက်ရှိလာနိုင်သည့် မြိတ်မြို့၊ မြိတ်တောင် နယ်မြေ၊ မြို့မ(၁)ရပ်ကွက်၊ ပိတောက် လမ်းရှိ ၄င်း၏ အဒေါ်တော်စပ်သူ ဦးထွန်းရှိန် +(ဒေါ်ရှင်သူ)၏ နေအိမ်အား သွားရောက်စုံစမ်း ဖမ်းဆီး စေခဲ့ရာ (၁၇၄၅)အချိန် ၄င်း၏ နေအိမ်တွင် မောင်နိုင်အား ဖမ်းဆီးရမိခဲ့ပါသည်။

မောင်နိုင်၏ ထွက်ဆိုအစစ်ခံချက်အရ ကွင်းဆက် တရားခံ နှစ်ဦးမှာ ထိုင်းနိုင်ငံ၊ ဘန်စဖန်မြို့တွင် အလုပ် လုပ်ကိုင်နေသူများ ဖြစ်သည့် နိုင်နိုင်(၂၁)နှစ်ခန့်၊ အသားမည်း၊ အရပ် ၅ ပေ ၆ လက်မခန့်၊ နှာတံ ပေါ်၊ မျက်ခုံးကောင်း နှင့် သားကြီး(၂၆)နှစ်ခန့်၊ အသားညို၊ အရပ် ၅ ပေ ၇ လက်မ၊ ဆံပင်တို(မြိတ်သံ ဖြင့် စကားပြော) တို့ဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက် ဖမ်းဆီးရမိ နိုင်ရေးအတွက် တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့ မှူး ယာယီရဲမှူး စောမောင် ကြီးကြပ်ကာ နယ်ထိန်း ဒုရဲအုပ် ထွန်းထွန်းနိုင် ဦးစီးတပ်ဖွဲ့ဝင်များသည် တနင်္သာရီ မြို့ပေါ်တွင် လည်းကောင်း၊ ရဲအုပ် အေးနိုင် ဦးစီးအဖွဲ့သည် မောတောင် ကျေးရွာနှင့် နယ်စပ်ဂိတ် တို့တွင် လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိ သွားပါက ဖမ်းဆီးရမိနိုင်ရေး အတွက် ပူးပေါင်းဖမ်းဆီး နိုင်ရန် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်း မှ ထိုင်းနိုင်ငံ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဆက်သွယ် အကူအညီ တောင်းခံဆောင်ရွက်ထားရှိခဲ့ပါသည်။

အဆိုပါ အမည်မသိ လူသေအလောင်းတစ်လောင်းအား စစ်ဆေး ဆောင်ရွက်ရာမှ လူသတ်မှု ပေါ်ပေါက်ပြီး အမှု့ ဖွင့်လှစ်ပြီးသည့် အချိန်မှ ဖမ်းဆီးရမိသည့် အချိန်မှာ (၃)နာရီ(၃၅)မိနစ် အတွင်းဖြစ်၍  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တွင် ခရိုင် ရဲတပ်ဖွဲ့မှူး၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှု ကြောင့်လည်းကောင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်း အားထုတ်မှုကြောင်း လည်းကောင်း ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ခြင်းသာ ဖြစ်ပေသည်။

မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ

Via - Zin Moe
https://m.facebook.com/story.php?story_fbid=182194355543515&id=100012588547873
Loading...