လူရွှင်တော်အိချောပို၊ နန်းသူဇာ၊ ခင်ဝင့်ဝါ၊ မေမြင့်မိုရ် ပါဝင်တဲ့ ခေတ်သစ်ဧကရီပွဲကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖိုးချစ် ကပြော


_________________________________________________________

လူငယ်အမျိုးသမီး သရုပ်ဆောင်တွေ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေ တင်ဆက်ခဲ့ပြီး၊ ပြက်လုံးအချို့ကြောင့် ဝေဖန်မှုတွေ ရှိခဲ့တဲ့ ခေတ်သစ် ဧကရီ ဖျော်ဖြေပွဲကို ရှုတ်ချကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ( ဗဟို) က စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

“ကျွန်တော်တို့တွေက ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ အမုန်းတွေ ဘာတစ်ခုမှ မပါပါဘူး။ လုပ်သင့် လုပ်ထိုက်တာ တစ်ခုကို ဝိုင်းဝန်းပြီးတော့ ဆောင်ရွက် သွားကြရမှာပါ။ ဘယ်သူမို့၊ ဘယ်ဝှာမို့၊ ဘယ်အဖွဲ့အစည်းမို့ဆိုပြီး ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့ မကိုက်ညီရင် ရိုးရာ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်းသင့်တဲ့ ပြောသင့်တဲ့ ကိစ္စတွေ အားလုံးကိုတော့ အမုန်းခံပြီး ပြောကြရမှာပေါ့ဗျာ။ နောက်ပိုင်းတော့လည်း နားလည်သွားမှာပါ”လို့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ( ဗဟို) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးဖိုးချစ်က ပြောကြားပါတယ်။ 

သဘင့်သမားစဉ်အရ အမျိုးသမီးများသည် လူရွှင်တော် အနေနှင့် ဆောင်ရွက်ရန် မသင့်လျော်ခြင်း၊ မြန်မာ့ဇာတ်သဘင်၏ အမြတ်နိုးဆုံး တန်ဖိုးထားရာ နှစ်ပါးသွား ဖျော်ဖြေ တင်ဆက်မှုအား ပုံစံ မကျ  စိတ်ထင်သလို အပြောင်အပြက်များဖြင့် သရုပ်ဖော်ခြင်း နှစ်ပါးသွား ကသော မင်းသားမှ သဘင် အနုပညာရှင်တို့ အထွဋ်အမြတ် ထားရသော မင်းသား ခေါင်းပေါင်းအား ချွတ်၍ ပြက်လုံးခွင်တွင် ဝင်ပြက်ခြင်းတို့ကို တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ရေသားဖော်ပြ ထားပါတယ်။

ခေတ်သစ်ဧကရီပွဲတွင် လူရွှင်တော် အသွင်ယူထားသော မင်းသမီးလေးမျာ၏ အလွတ် ကျက်ထားသော ပြက်လုံးများသည် ထည့်သွင်း အပြက်ခံရသော ကာယကံရှင် လူပုဂ္ဂိုလ်များ၏ လူမှုရေး ခံစားချက်များကို ထိခိုက်စေခြင်း၊ လေ၊ သန္ဓေ မမှန်ကန်မှုကြောင့် ကြားရသူ ပရိသတ်အဖို့ ရိုင်းပျမှုသာ ကဲလွန်သွားခြင်းစသည့် အချက်များကြောင့် ခေတ်သစ် ဧကရီ ဖျော်ဖြေပွဲအား  မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးမှ ပြင်းထန်စွာ ရှုတ်ချပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခေတ်သစ်ဧကရီ အနုပညာ ကပွဲကိုတော့ စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသား ကဇာတ်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူရွှင်တော်များအဖြစ် သရုပ်ဆောင် အိချောပို၊ နန်းသူဇာ၊ ခင်ဝင့်ဝါ၊ မေမြင့်မိုရ်တို့ ပါဝင်ခဲ့ပြီး မင်းသားများအဖြစ် သရုပ်ဆောင် ကျော်ကျော်နဲ့ တေးသံရှင် သိန်းလင်းစိုးတို့ ပါဝင်တင်ဆက် ခဲ့ကြပါတယ်။

“ထုတ်ပြန်ချက်မှာ ပြင်းထန်စွာ ရှုတ်ချပါတယ်ဆိုတဲ့ စကားလေး တွေ့တယ်ဗျ။ ကျွန်တော်တို့ အနုပညာသမား အချင်းချင်း ပြင်းထန်စွာ ရှုတ်ချပါတဲ့ ဆိုတဲ့စကားကို မကြိုက်ဘူး။ သူတို့က ရိုးရာတွေနဲ့ ပတ်သက်ပြီး ပြောသေးတယ်။ ကျွန်တော်က ပန်တျာ ကျောင်းမှာ သုံးနှစ် သုံးမိုး သင်ယူခဲ့ဖူးပါတယ်။ ကျွန်တော်သည် ရိုးရာ ဖျက်မယ့်သူတော့ မဟုတ်ပါ ဘူး။ ကျွန်တော်သည် ရိုးရာနဲ့ ပတ်သက်ပြီး အခြေခံ ကျကျ သင်ခဲ့တဲ့ လူတစ်ယောက်ပါ”လို့ ယင်းပွဲကို စီစဉ်ညွှန်ကြား သင်ပြပေးခဲ့တဲ့ လူရွှင်တော် ပန်းသီးက  ပြောကြားပါတယ်။ 
thevoicemyanmar