Breaking News

နေမင်းနဲ့လက်ချင်းတွဲဓါတ်ပုံထွက်ပေါ်လာပြီး အိမ်ထောင်ပြုချင်နေတယ်ဆိုတဲ့ အေးမြတ်သူ သတင်း ဖေ့စ်ဘွတ်ခ်မှာပျံ့နေ


Loading...

အိမ်ထောင်ကျပြီးတာနဲ့ကလေးတန်းလိုချင်တာ၃၀ မှာပြုချင်တယ်။ ၃၁ မှာ ကလေးလိုချင်တယ်။
-ဖေ့စ်ဘွတ်ခ်မှာပျံ့နေတဲ့ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် ကား ပရက်ရှိုးမှာ နေမင်းနဲ့လက်တွဲပြီးရိုက်ထားတဲ့အပေါ် တွဲနေကြတာလားလို့မေးတဲ့ပရိသတ်တွေကို ဘာများပြောချင်ပါသလဲ။


လက်ရှိမှာ အိမ်ထောင်ပြုချင်နေပေမဲ့ ကံတရားကြောင့် မရသေးတာပါလို့ပြောပြလာသူကတော့ အေးမြတ်သူပါ။ သူမဟာ ပွင့်လင်းဖော်ရွေသလို ပြောင်းလဲလာတဲ့ သူမရဲ့ဖက်ရှင် ၊ စတိုင်အမျိုးမျိုးကြောင့် ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့မှာ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယိုကားအချို့နဲ့ ကားကြီးတော်တော်များများမှာ သူမရဲ့ပုံရိပ်ကို ပြန်လည်တွေ့မြင်လာရပါတယ်။ ဒါ့အပြင် ခရီးသွားပရိုဂရမ်တစ်ခုကို ရိုက်ကူးနေသေးတဲ့ သူမက မကြာခင်မှာ ရုံတင်ပြသတော့မဲ့ မအေးပွင့် မြင့်မြင့်စန်း လမ်း၃၀ ဇာတ်ကားနဲ့ပတ်သက်ပြီး ရင်ခုန်မှုကိုပြောပြလာသလို အဆိုပါကားရဲ့ ပရက်ရှိုးမှာ မင်းသားဖြစ်တဲ့ နေမင်းနဲ့လက်ချင်းတွဲ ဓာတ်ပုံတွဲအရိုက်ခံခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြသွားပါတယ်။
-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ဆုံးပြောပြပေးပါဦး။
အခုရိုက်နေတာက သတိ မိန်းမ = မာယာပေါ့။ ကောင်းပြည့်ရယ်၊ အေးမြတ်သူရယ်၊ ခင်သဇင်ရယ်ပေါ့ ။ ဒီထဲမှာ အေးမြတ်သူက မောင်လေးကိုအရမ်းချစ်တဲ့ ရှေ့နေမတစ်ယောက်ရဲ့ကာရိုက်တာပေါ့။
-မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်ကားလေးကလဲ ရုံတင်တော့မယ်ဆိုတော့ အဲ့ဒီကားကြီးအတွက်ရင်ခုန်မှုကိုလဲသိချင်ပါတယ်။
အေးမြတ်သူလဲ အရမ်းကို ရင်ခုန်တယ်။ အရမ်းကိုမျှော်လင့်တယ်ရှင့်။ ဒီကားက အေးမြတ်သူခေါင်းဆောင်မင်းသမီးအနေနဲ့ရိုက်ရတဲ့ ကားဖြစ်တယ်။ နောက်နေမင်းနဲ့အေးမြတ်သူနှစ်ယောက်တည်းပါတဲ့ ကားဖြစ်တယ်။ ဒါ့အပြင် တစ်ခေတ်တစ်ခါက ဦးနေအောင်နဲ့ အန်တီခင်သီတာထွန်းနဲ့တကယ့်ကိုဟော့ဖြစ်ခဲ့တဲ့ ကားကြီးတစ်ကားဖြစ်ခဲ့တဲ့အတွက်ကြောင့် နည်းနည်းတော့ pressure ရှိတယ်ရှင့်။
-အရင်ကရိုက်ခဲ့ဖူးတဲ့ကားတစ်ကားဖြစ်တဲ့အတွက် ပြန်လည်ရိုက်ကူးတဲ့အခါမှာ အေးမြတ်သူအတွက် တာဝန်ကြီးတဲ့အပိုင်းတွေရောရှိမလား။
တာဝန်ကြီးတာပေါ့ရှင့်။ အရမ်းကြီးတယ်။ ရှေ့ကားကိုမမှီပေမဲ့ ကိုယ့်အလှည့်ကျမှ မပျက်စီးသွားစေချင်ဘူး။ ကိုယ်ပါတဲ့ အပိုင်းကဏ္ဍကိုတော့ အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့ပါတယ်။ ပါဝင်တဲ့ ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီး အဓိက ဒါရိုက်တာကသင်ပေးတယ်။ အက်ရှင်ကားဖြစ်တဲ့ မအေးပွင့်ကာရိုက်တာကို အေးမြတ်သူက အချိန်ပေးရတယ်။ ဖိုက်တင်ခန်းတွေ သင်ရတယ်။ မြင်းစီးသင်ရတယ်။ ယုတ်စွအဆုံး မအေးပွင့်ဝတ်မဲ့ အ၀တ်အစားကအစ ဒါရိုက်တာပဲစီစဉ်တာပါ။ ကြိုတင်သင်ခဲ့တဲ့အတွက် အခက်အခဲကြီးကြီးမားမားတော့ မရှိခဲ့ဘူး။ မြင်းစီးတဲ့အခန်းဆိုလဲ သင်ထားတဲ့အတွက်မြင်းကခါချတာတောင် ပြုတ်မကျခဲ့ဘူး။
-အက်ရှင်ခန်းတွေရောရိုက်ရတာ အဆင်ပြေလား။
ပြေပါတယ်။ အက်ရှင်ကိုကြိုက်တယ်။ ဘာလို့လဲဆိုတော့ အေးမြတ်သူက ငယ်ငယ်ကတည်းက ဟောင်ကောင်ဂျက်မကားတွေကြည့်ပြီးကြီးလာတာဆိုတော့ မိန်းမဟီးရိုးကားတွေဆို အရမ်းကြိုက်တယ်ရှင့်။ နောက်ပိုင်းမှာလဲ ပရိုဂျူဆာတွေက ပံ့ပိုးမှုအားကောင်းကောင်းနဲ့ အချိန်လဲပေးမယ်။ လိုအပ်တဲ့ပံ့ပိုးမှုတွေလဲရမယ်ဆိုရင် အေးမြတ်သူ အက်ရှင်ကားကောင်းကောင်းကိုထပ်ရိုက်ချင်ပါတယ်။
-ဂျက်မတုန်းကလဲ နေမင်းနဲ့ပဲ။ ဒါပေမဲ့ သူက ဒီဗီဒီပေါ့။ အခုလဲ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်ကလဲ နေမင်းနဲ့ပဲဆိုတော့ သူနဲ့ကအမှတ်တရဘာတွေရှိမလဲ။
ဟုတ်တယ်။ ဂျက်မတုန်းကလဲ အေးမြတ်သူနဲ့နေမင်းကိုခေါင်းဆောင် အနေနဲ့ရိုက်ပေးတယ်။ အေးမြတ်သူတို့အဲ့ဒီတုန်းက ဗီဒီယိုမှာကရိုက်နေပြီ။ ဒီဗီဒီမှာကျတော့ ရုံတင်ဖို့ကြောက်ကျရွံ့နေကျတဲ့အချိန်မှာ ဒီဒါရိုက်တာကပဲ အေးမြတ်သူတို့ကိုရိုက်ခဲ့တယ်ရှင့်။ အဲ့ဒီတုန်းကလဲ အဲ့ဒီကားကို ပရိသတ်တော်တော်များများ သဘောကျခဲ့ကြတယ်ရှင့်။ အခုလဲနေမင်းနဲ့ပဲဆိုတော့လေ။ ပြီးတော့ အေးမြတ်သူနဲ့နေမင်းနဲ့ကလိုက်တယ်။ သူနဲ့တွဲသရုပ်ဆောင်ရတာလဲသဘောကျတယ်။ ဘာလို့လဲဆိုတော့ သူ့အရပ်အမောင်း၊ ကိုယ့်အရပ်အမောင်း၊ နောက်သူ့မျက်နှာကျ ကိုယ့်မျက်နှာကျပေါ့၊ နောက်ဒီလောကထဲကိုဝင်တဲ့ အချိန်ကလဲ တူတယ်။ အေးမြတ်သူတို့တွဲရင် ပရိသတ်တွေကသဘောကျကြတယ်။ အတွဲညီတယ်ပေါ့။ အေးမြတ်သူတို့နှစ်ယောက်ကလဲပြောရရင် သူငယ်ချင်းလိုဖြစ်နေတာပေါ့။ စီနီယာတွေဘာတွေလဲ မရှိဘူး။ ပြီးတော့ နေမင်းတို့တိုက်ကနေအေးမြတ်သူကို ကားတွေ အများကြီးခေါ်ရိုက်ခဲ့ဖူးတယ်။ ပရိသတ်တွေကြိုက်အောင် ဇာတ်လမ်းကောင်းကောင်းတွေလဲ ရိုက်ပေးခဲ့ဖူးတယ်။ နေမင်းတို့အစ်ကိုကုမ္ပဏီကရိုက်ပေးခဲ့တာပေါ့။ အဲ့ဒီတော့ သူတို့နဲ့ကမိသားစုလိုဖြစ်နေတာပေါ့။
-ဖေ့စ်ဘွတ်ခ်မှာပျံ့နေတဲ့ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် ကား ပရက်ရှိုးမှာ နေမင်းနဲ့လက်တွဲပြီးရိုက်ထားတဲ့အပေါ် တွဲနေကြတာလားလို့မေးတဲ့ပရိသတ်တွေကို ဘာများပြောချင်ပါသလဲ။
လူပျိုကြီး အပျိုကြီးဆိုတော့ ဒီလိုပဲတွဲလိုက်တာပေါ့နော်။ သူလဲနောက်မှာကြောက်စရာမရှိဘူး။ ကိုယ်လဲနောက်မှာကြောက်စရာမရှိဘူးဆိုတော့ လွတ်လွတ်လပ်လပ်ရိုက်လို့ရတယ်ဆိုပြီး တွဲရိုက်လိုက်တာပါ။
-လူမှုကွန်ယက်ပေါ်မှာ တစ်နေ့တစ်မျိုးမရိုးရလေအောင် တက်နေတဲ့ အနုပညာရှင်တွေရဲ့ သတင်းတွေအပေါ် အေးမြတ်သူအမြင်လေးကိုလဲသိချင်ပါတယ်။
အဓိကကတော့ ကိုယ့်ကိုချစ်လို့စိတ်ဝင်စားလို့မေးမြန်းကြတာပေါ့။ ပရိသတ်စိတ်ဝင်စားမှုရှိလို့ ပရိသတ်ကိုယ့်ကို ချစ်ခင်လို့အဲ့ဒီလိုသတင်းတွေက နေ့စဉ်နဲ့အမျှတက်နေတာပါ။  ဆိုရှယ် network ဆိုတာမျိုးက မရှိလို့လဲမရဘူး။ သူရှိမှပဲ ကမ္ဘာကြီးကရွာကြီးဖြစ်သွားတာဆိုတော့လေ။ အဲ့ဒီတော့ မရှိလို့မဖြစ်တဲ့အထဲမှာပါတဲ့အတွက် သူ့မှာကောင်းကျိုးလဲရှိသလို ဆိုးကျိုးလဲရှိတယ်ပေါ့။ ဘယ်အရာမဆို ကောင်းကျိုးနဲ့ဆိုးကျိုးနဲ့က ယှဉ်တွဲနေတာပဲလေ။ အနည်းအများပဲရှိတာကိုး။ နေမကောင်းရင် ဆေးသောက်ရမယ်။ ဆေးသောက်ရင် သက်သာတယ်ဆိုပေမဲ့ အိပ်ချင်တဲ့စိတ်ဖြစ်သလိုပေါ့။ အရာရာတိုင်းမှာ အကောင်းအဆိုးက ဒွန်တွဲနေတာမျိုးပါ။
-ခရီးရောသွားဖို့ရှိဦးမလား။
ရှိပါတယ်။ အခုအေးမြတ်သူက Expedition Myanmar ဆိုတဲ့ ခရီးသွား ပရိုဂရမ်တစ်ခုလုပ်နေတယ်။ အေးမြတ်သူတို့page လဲရှိတယ်။ အဲ့ဒါက On Air တက်မယ်ရှင့်။ MNTV ကလိုင်းတစ်ခုမှာပြမယ်။ အဲ့ဒါကြောင့် အဲ့ဒီအတွက်အေးမြတ်သူခရီးတွေ ဆက်တိုက်သွားဖို့ရှိတယ်။ အရမ်းထူးထူးခြားခြားကြီး မဟုတ်ပေမဲ့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး သွားကြတာပေါ့။ အိတ်တစ်လုံးနဲ့လျှောက်သွားကြတဲ့ ပုံစံလေးပေါ့။ အရောက်အပေါက်နည်းပြီးလူတွေသွားလေ့သွားထမရှိတဲ့နေရာတွေကို သွားလေ့ရှိတယ်။ နေရာတူခဲ့ရင်တောင် သွားပုံသွားနည်းမတူဘူး။ မကြာခင် On Air မှာလာပါမယ်။ စောင့်ကြည့်ပေးကြပါလို့။
-ဒါပြီးရင် ဘာတွေလက်ခံထားတာရှိဦးမလဲ။
၂၆ နောက်ပိုင်း ကိုပြေတီနဲ့ကားကြီးတစ်ကားဝင်ပါမယ်။ မအူဝဲလဲပါတယ်။ သင်ဇာလဲပါတယ်။ ယုသန္တာတင်လဲပါတယ်။ ကျန်တဲ့သူတွေတော့ မသိသေးဘူး။ တစ်ကားလုံးမှာ အစုံမပါပေမဲ့ ကိုယ့်ကာရိုက်တာနဲ့ကိုယ်ပေါ့။ အဲ့ဒါပြီးရင် အရှေ့က ဇာတ်လမ်းတွဲပြန်ဝင်မယ်။ ပြီးရင်ကိုသူထူးစံနဲ့ဗီဒီယိုနဲ့ကားကြီးပြန်ဝင်ပါမယ်။
-လက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။
 ၃၀ ဆို အိမ်ထောင်ပြုမယ်လို့ပြောတယ်။ ဒါပေမဲ့ အခုထိဖြစ်မလာသေးဘူး။ အဲ့ဒါက ဖြစ်ချင်တာပေါ့။ အေးမြတ်သူက မိသားစုဘ၀ကို လိုချင်တယ်။ ၃၀သည် အိမ်ထောင်ပြုပြီး ကလေးမွေးဖို့ကောင်းတဲ့အရွယ်ပေါ့။ အေးမြတ်သူသည် အိမ်ထောင်ကျပြီးတာနဲ့ကလေးတန်းလိုချင်တာ ၃၀ မှာပြုချင်တယ်။ ၃၁ မှာ ကလေးလိုချင်တယ်။ အေးမြတ်သူဖြစ်ချင်တဲ့ ဆန္ဒလေးကိုပြောပြတာပါ။ ဖြစ်မလာသေးတာတော့ ကံတရားပေါ့။ နောက်ပြီးအေးမြတ်သူက ကလေးအရမ်းလိုချင်တယ်။ ဖြစ်အောင်တော့ကြိုးစားမှာပါ။ တစ်ယောက်တည်းကြီးတော့ မနေပါဘူး။ ဒီအလုပ်တွေကြောင့် အချစ်ရေးအိမ်ထောင်ရေးကို မစဉ်းစားသေးတာမဟုတ်ဘူး။ သူ့ဟာသူကိုမရသေးတာပါ။
Trend Myanmar
Loading...