အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်နှင့် သမီးဖြစ်သူ ထွက်ပြေးတိမ်းရှောင်


_________________________________________________________

ဆယ်ကျော်သက် အရွယ်  အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်မှုဖြင့် လူကုန်ကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က   အမှုဖွင့် ခဲ့သော  အင်းဝ အပ်ချုပ်ဆိုင်ဆိုင်ရှင် ဒေါ်တင်သူဇာနှင့် သမီး ဖြစ်သူ မသိရီလတ်တို့မှာ ယနေည  ၇နာရီ ခန့််တွင် ၄င်းတို့ နေအိမ် ထွက်ပြေးတိမ်းရှောင်ခဲ့ ကြောင်း ယင်းလမ်းထဲမှ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးကပြောကြားသည်။ 

" ဒီည ၇နာရီကျော်လောက်မှာ အင်းဝအပ်ချုပ်ဆိုင်က အမျိုးသမီးနှစ်ဦး အထုပ်အပိုးတွေ အိမ်စီးကားပေါ်တင်ပြီးထွက်သွားတာတွေ့ပါတယ်။ ပုံစံတွေက အရေးကြီးနေတဲ့ ထင်ရပါတယ်၊ အပ်ချုပ်ဆိုင်က ပိတ်ထားတာ နှစ်ရက်ရှိပါပြီ" ဟု ၎င်းကပြောကြားသည်။ 

ကျောက်တံတားမြို့မရဲစခန်းတွင် ရန်ကုန်လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က ကာယကံရှင် မိန်းကလေးတို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး အမှုဖွင့်နေချိန်တွင် အင်းဝအပ်ချုပ်ဆိုင်မှ မတင်သူဇာနှင့် မသီရိလတ်တို့က ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ရာ  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ရန် စီစဉ်နေကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောကြားသည်။ 

နှိပ်စက်ခံရသည့် အသက် ၁၆ နှစ် အရွယ် နှင့် ၁၇ နှစ် အရွယ် မိန်းကလေးနှစ်ဦးမှာ ကော့မှူးမြို့နယ်၊ ဘောလုံးကွင်း ကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ပြီးလမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင် ဒေါ်တင်သူဇာ၏ နေအိမ်ရှစ်လွှာတွင် တစ်လကျပ် နှစ်သောင်းဖြင့် အိမ်အကူလာရောက် လုပ်ကိုင်ခဲ့ကြောင်းကျောက်တံတားမြို့မရဲစခန်းထံမှ သိရှိရသည်။

အိမ်အကူအမျိုးသမီးနှစ်ဦးမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး ၎င်းတို့၏ လုပ်ခလစာများ မရရှိတော့ဘဲ အင်းဝ အပ်ချုပ်ဆိုင်ရှင်ဖြစ်သူ ဒေါ်တင်သူဇာနှင့် ၎င်း၏ သမီးဖြစ်သူ ဒေါ်သီရိလတ်တို့က လုပ်ငန်းလုပ်ကိုင်ရာတွင် လွဲချော်သည့် အိမ်အကူနှစ်ဦးကို ရိုက်နှက်နှိပ်စက်ခြင်း၊ အစာရေစာ မကျွေးဘဲထားခြင်းနှင့် ကိုယ်အင်္ဂါ ချို့ယွင်းအောင် နည်းမျိုးစုံဖြင့် နှိပ်စက်ခြင်းများ ပြုခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

“နှိပ်စက်ခံရတဲ့ အိမ်အကူမိန်းကလေးတွေရဲ့ မိဘတွေနဲ့လည်း ဆိုင်ရှင်က ပေးမတွေ့ခဲ့ဘူးလို့ သိရတယ်၊ ဒီဖြစ်စဉ်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဝင်ညှိနှိုင်းပေးခဲ့ပြီး အင်းဝအပ်ချုပ်ဆိုင်ရှင်က နှိပ်စက်ခံရသူတွေအတွက် ကျပ် သိန်း ၅၀ လျော်ကြေးပေးခဲ့တယ် ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ညှိုနှိုင်းပေးမှုကြောင့် လက်မောင်းတစ်ဖက်နှင့် လက် ၁၀ ချောင်းကျိုးကာ မီးလောင်ဒဏ်ရာရခဲ့သည့် အသက် ၁၆ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ၅ နှစ် လုပ်အားခ အပါအဝင် လျော်ကြေးငွေကျပ် သိန်း ၄၀ နှင့် ကတ်ကြေးဖြင့် အထိုးခံရပြီး နှာခေါင်းတွင် ဓားခုတ်ဒဏ်ရာ ရရှိခဲ့သော အသက် ၁၇ နှစ် အရွယ် အိမ်အကူ မိန်းကလေးငယ်ကို ၅ နှစ် လုပ်အားခ အပါအဝင် နစ်နာကြေးငွေ ၁၀ သိန်း ပေးအပ်ခဲ့ပြီးနောက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ တရားလိုပြုလုပ်၍ အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာနှင့် ၎င်း၏ သမီးဖြစ်သူ ဒေါ်သီရိလတ်တို့ နှစ်ဦးကို ကျောက်တံတား မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှူးရုံးထံမှ သိရှိရသည်။

thevoicemyanmar