စင်္ကာပူနိုင်ငံသူကို အငှားယာဉ်မောင်းက အဓမ္မပြုကျင့်ရန် ကြံစည်



_________________________________________________________


ပုလဲကွန်ဒိုမှ နေအိမ်သို့ အငှားယာဉ်ဖြင့် ပြန်လာသည့် အသက် ၂၅ နှစ်အရွယ် စင်္ကာပူ နိုင်ငံသား အမျိုးသမီး တစ်ဦးကို ယာဉ်မောင်းအမျိုးသားက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဓမ္မပြုကျင့်ရန် ကြံစည်ခံရသော Mrs. Tan Jen Lee မှာ စက်တင်ဘာလ ၁၅ ရက် ည ၉ နာရီက ဗဟန်းမြို့နယ်ရှိ ပုလဲကွန်ဒိုတွင် ညစာ စားပြီးနောက် ၎င်းနေထိုင်ရာ လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်ရှိ ရွှေဟင်္သာ ကွန်ဒိုသို့ အငှားယာဉ်တစ်စီးဖြင့် ပြန်လာခဲ့ကြောင်း လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။
“တက္ကစီမောင်းသူက ခရီးသည်အမျိုးသမီးရဲ့ နေအိမ်ကို လိုက်မပို့ဘဲ RC 2 ထဲ ကားမောင်းခဲ့တယ်၊ မှောင်ရိပ် ထဲရောက်တော့ ကားရပ်ပြီး နောက်ခန်းမှာ ပါတဲ့ အမျိုးသမီးရဲ့ ပါးစပ်ကို လက်နဲ့ပိတ် တွန်းလှဲပြီး အဓမ္မပြု ကျင့်ဖို့ ကြံစည်နေချိန် အမျိုးသမီးက ရုန်းကန်ပြီး ထွက်ပြေးခဲ့တာလို့ အမှုဖွင့် တိုင်ကြားချက်အရ သိရတယ်၊ အငှားယာဉ်မောင်းကို မမိသေးပါဘူး ” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောဆိုသည်။
အဆိုပါစင်္ကာပူနိုင်ငံသူမှာ လမ်းပေါ်တွင် တွေ့သည့် အငှားယာဉ် တစ်စီးကို တားပြီး ၎င်းနေထိုင်သော ရွှေဟင်္သာ ကွန်ဒိုသို့ လိုက်လံ ပို့ဆောင်ခိုင်းခဲ့ကြောင်း၊ အဓမ္မပြုကျင့်ရန် ကြံစည်ခံရသည့် ယာဉ်၏ နောက်ခန်းတွင်လက်ဆွဲအိတ် ကျန်ခဲ့ပြီး ယင်းအိတ်အတွင်း Lenovo အမျိုးအစား Laptop တစ်လုံး၊ I pad Classic တစ်လုံး၊ မြန်မာငွေကျပ် နှစ်သောင်းနှင့် စင်္ကာပူ ဒေါ်လာ ၃၀၀၊ အမေရိကန် ဒေါ်လာ ၁၀၀ ပါရှိကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ သိရှိရပြီး လှိုင်မြို့မ ရဲစခန်းက အမည်မသိ အငှားယာဉ် မောင်း အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ ၃၅၄/ ၄၀၃ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေသည်။
The Voice
Loading...