၁၄ နှစ်အရွယ် သားဖြစ်သူက ဖခင်ကို သေနတ်ဖြင့် ပစ်သတ်



_________________________________________________________

အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတဦးက သူ့ဖခင်ကို သေနတ်နဲ့ပစ်သတ်မှု ဖြစ်ခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် အန်ဒါဆန်မြို့က မူလတန်းကျောင်းကို မသွားခင် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှာ ပစ်သတ်ခဲ့တာဖြစ်ပြီး တခြားကလေး ၂ ဦးနဲ့ ဆရာ ၁ ဦးလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ပစ်ခတ်အပြီး မိသားစုက ၉၁၁ အရေးပေါ်ဖုန်းကို ဆက်သွယ်ခဲ့တယ်၊ ဒီအမှုကို သေသေချာချာ စုံစမ်းစစ်ဆေးနေပြီလို့ အန်ဒါဆန်မြို့နယ် သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိ ဂရဒ် ရှောက ပြောပါတယ်။
မီးသတ်လုပ်အားပေး ၁ ဦးက ပစ်ခတ်သူလို့ သံသယရှိသူကို တောင်းဗေလီ မူလတန်းကျောင်း အနောက်ဘက်က ကစားကွင်းမှာ ရဲတွေရောက်မလာခင်အထိ ထိန်းသိမ်းထားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သံသယရှိသူဟာ ကျောင်းထဲကို မဝင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
သေနတ်နဲ့အပစ်ခံရတဲ့ ၆ နှစ်သား ကလေး ၁ ဦး အသည်းအသန် အခြေအနေမှာ ရှိနေပြီး ဆေးရုံမှာ ခွဲစိတ်ကုသခံနေရတယ်လို့ မြို့နယ် အရေးပေါ်ဝန်ဆောင်မှုဌာန ညွှန်မှူးက မီဒီယာကို ပြောပါတယ်။
ပစ်ခတ်သူရော ပစ်ခတ်ခံရသူတွေ အားလုံးပါ လူဖြူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်နိုင်ငံအတွင်း သေနတ်ထိန်းချုပ်ရေး စကားရည်လုပွဲတွေရှိနေချိန် ဒီအဖြစ်အပျက်က ကျောင်းတွေမှာ ပစ်ခတ်မှု နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။
DVB