ရည်းစားဖြစ်သူအား ဓားဖြင့်ထိုးခဲ့သည့် မစန္ဒာလင်းအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီးထား

_________________________________________________________


မန္တလေးမြို့တွင် ရည်းစားဖြစ်သူကို ဓားဖြင့် ထိုးခဲ့သည့် မစန္ဒာလင်းအား မဟာအောင်မြေမြို့နယ် အမှတ်(၉)နယ်မြေရဲတပ်ဖွဲ့စခန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးက တရားလိုပြုလုပ်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
မန္တလေးမြို့တွင် ရည်းစားဖြစ်သူ မိန်းကလေးတစ်ဦးနှင့် အတူ ဆိုင်ကယ်မောင်းလာသည့် တက္ကသိုလ် ကျောင်းသားကို ရည်းစားဟောင်း မိန်းကလေးက ဓားဖြင့်ထိုးသတ်မှု စက်တင်ဘာ ၁၇ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မဟာအောင်မြေမြို့နယ် မဟာမြိုင် (၁)ရပ်ကွက်ရှိ အမျိုးသားအဆောင်တွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် တတိယနှစ်ကျောင်းသားသည် ၎င်းနေထိုင်ရာ အဆောင်အနီးသို့ စက်တင်ဘာ ၁၇ ရက် ည ၇ နာရီ ခွဲခန့်က ဆိုင်ကယ်မောင်းနှင်လာစဉ် ရည်းစားဟောင်းက ဆိုင်ကယ်ကို စောင့်ကာတား၍ ဓားဖြင့် ထိုးရာသေဆုံးခဲ့ခြင်းဖြစ်သည်။
ဓားဖြင့်ထိုးသည့် မိန်းကလေးသည် အသက် ၂၂ နှစ်အရွယ် မစန္ဒာလင်းဖြစ်ပြီး မိုးကုတ်မြို့မှ မန္တလေးမြို့တွင် အဆောင်နေထိုင်၍ အလှကုန်ပစ္စည်းဆိုင်၌ အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ အမျိုးသားနှင့် ရည်းစားဖြစ်သည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီ ဖြစ်သည်။ သေဆုံးသွားသူသည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ ဖြစ်ပြီး မန္တလာကောလိပ်တွင် ကျောင်းတက်နေသူဖြစ်သည်။
မိန်းကလေးက ဓားဖြင့် ထိုးသည်ကို လုံခြုံရေးကင်မရာ (CCTV)မှ ရိုက်ကူးထားသော ရုပ်သံဖိုင်မှာ စက်တင်ဘာ ၁၇ ရက်က ညကစ၍ ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
The Ladies News
Loading...