Breaking News


လှိုင်သာယာတွင် နယ်ထိန်း ဓားထိုး အသတ်ခံရ


Loading...


လှိုင်သာယာမြို့နယ် အမှတ် (၆)ရပ်ကွက် ဗစ်တိုးရီးယားကုန်တိုက်ရှေ့၌ လှည့်ကင်းဆောင်ရွက်နေသော နယ်ထိန်းတစ်ဦး ဓားဖြင့် ထိုးသတ်ခံရကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုးဝင်းက ပြောကြားသည်။

သေဆုံးသူ နယ်ထိန်းမှာ လှိုင်သာယာမြို့မ ရဲစခန်းမှ အသက် ၂၃ နှစ်အရွယ် ဒုတပ်ကြပ် ရဲသီဟဖြစ်ပြီး စက်တင်ဘာ ၇ ရက် ည ၁၁ နာရီခွဲက အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ လှည့်ကင်းဆောင်ရွက်စဉ် လူစိမ်းအမျိုးသား လေးဦးထံ ဓားပါလာကြောင်း သတင်းအရ စစ်ဆေးရာမှ အသတ်ခံရကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

“နယ်ထိန်းက မင်းတို့အဖွဲ့ ခဏနေဦး စစ်ဆေးစရာ ရှိတယ်။ ပြောလိုက်ချိန် သူတို့လေးယောက် အဖွဲ့ထဲက တစ်ယောက်က ဓားနဲ့ ဝင်ထိုးပြီး ထွက်ပြေးသွားတာ။ ဘယ်ဘက်ရင်အုံမှာ ဓားထိုးခံရပြီး ဒီမနက် ၉ နာရီကျော်မှာ ဒုတပ်ကြပ် ဆုံးသွားရှာတယ်” ဟု အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဓားဖြင့် ထိုးပြီး ထွက်ပြေးသူများကို လိုက်လံဖမ်းဆီးရာ ယနေ့ (စက်တင်ဘာ ၈ ရက်) နံနက် ၃ နာရီခွဲက ဗစ်တိုးရီးယားကုန်တိုက်အနီး နဝဒေးဥယျာဉ် အိမ်ရာဝင်းတွင် ပုန်းခိုနေသော အသက် ၂၁ နှစ်အရွယ် ခိုင်ဇော်ဦး၊ အသက် ၂၃ နှစ်အရွယ် ချစ်ရင်ထူး၊ အသက် ၃၁ နှစ်အရွယ် နေလင်းထွန်းတို့ သုံးဦးကို ဖမ်းမိခဲ့သည်။

နယ်ထိန်းကို ဓားဖြင ထိုးခဲ့သော အသက် ၃၁ နှစ် အရွယ် စန်းလင်းအောင်ကို ထပ်မံရှာဖွေရာ နံနက် ၅ နာရီခွဲတွင် ဗစ်တိုးရီးယားကုန်တိုက်အရှေ့ရှိ ပန်းခြံထဲမှ ဖမ်းမိခဲ့ကြောင်း လှိုင်သာယာ မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ - မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့
The voice
Loading...