Breaking News


အလောင်းပြိုင် လူသတ်မှုများနှင့် ကျီးလန့်စာစား လူထုဘဝ


Loading...



 သြဂုတ်လ (၂၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ်ရပ်ကွက်၊ ကျူးကျော်ကွက်သစ်၊ မြအေးချမ်း လမ်းသွယ်တွင် လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်။ အသတ်ခံရသူများမှာ ရဲအရာရှိဟောင်း မိသားစုဖြစ်ပြီး ရဲအရာရှိ ဇနီးမောင်နှံ အပါအ၀င် သုံးတန်းအရွယ် ကလေးငယ်နှင့် ရှစ်တန်းအရွယ် ကလေးတို့မှာ ဓားဖြင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်။
            သြဂုတ်လ (၂၁) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာတွင် သုံးလောင်းပြိုင် အသတ်ခံရသည့်အမှု ဖြစ်ပွားခဲ့သည်။ ထိုအသတ်ခံရသူများမှာ အမျိုးသမီး တစ်ယောက် အပြင် (၁၂) နှစ်အရွယ် မိန်ကလေး တစ်ယောက်နှင့် (၁၀)နှစ် အရွယ် ယောက်ျားလေး တစ်ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
          ထိုအဖြစ်အပျက်များ မတိုင်မီ သြဂုတ်လ (၁၉) ရက်နေ့က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝေးလေလံအာခါရွာတွင် မူးယစ်ဆေးဝါးကြောင့် သားအရင်းက ဖခင်ကို သတ်သည့်အမှု ဖြစ်ပွားခဲ့သည်။
          ထိုကဲ့သို့ လူသတ်မှုများနည်းတူပင် အဓမ္မမှုများ၊ သက်ငယ် မုဒိမ်းမှုများကလည်း သတင်းမီဒီယာများတွင် မကြာခဏဆိုသလို ဖတ်ရှုရသည်။ ယင်းကဲ့သို့ လူသတ်မှုများ အဖြစ်များလာသည်နှင့် ပတ်သက်၍ တရားလွှတ်တော် ရှေ့နေဦးရောဘတ်စန်းအောင်က ““အရင့်အရင် ကာလတွေတုန်းက ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ရက်ရက်စက်စက် လုပ်တဲ့လုပ်ရပ်တွေဟာ ကျွန်တော်တို့ နိုင်ငံသားတွေမှာ မရှိပါဘူး။ အခုဟာက ၂၀၁၂ နောက်ပိုင်းမှာ ပိုကြမ်းလာတယ်”” လို့ မှတ်ချက်ပြုသည်။
          သူက ၂၀၁၂ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ထိထိရောက်ရောက် အပြစ်ပေး အရေးယူနိုင်ခြင်း မရှိသော လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများနှင့် လက်သည်မပေါ်သော လူသတ်မှုများ အကြောင်းကို ထောက်ပြပြောဆိုသည်။
များပြားလာသော အမှုကြီးများ၊
          ပြီးခဲ့သည့် နှစ်များအတွင်း ဖြစ်ပွားခဲ့သော မှုခင်းစာရင်းကိုကြည့်လျှင် လူသတ်မှုနှင့် မုဒိမ်းမှုအရေ အတွက်မှာ များပြားသောပမာဏကို တွေ့ရသည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌  လူသတ်မှုပေါင်း (၁၃၀၅) မှု၊ မုဒိမ်းမှုပေါင်း (၇၃၄) မှု၊ ဖောက်ထွင်းမှုပေါင်း (၄၆၇၁) မှု ဖြစ်ပွားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူသတ်မှု (၁၃၃၃) မှု၊ မုဒိမ်းမှု (၇၄၁) မှု၊ ဖောက်ထွင်းမှု (၅၂၂၉) မှု ရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် လူသတ်မှုပေါင်း (၁၂၄၆) မှု၊ မုဒိမ်းမှု (၆၂၈) မှု ဖြစ်ပွားခဲ့သည်။
          ထို့အပြင် ယခု NLD ဦးဆောင်သည့် အစိုးရတက်လာပြီး ရက်တစ်ရာစီမံချက် ကာလအတွင်းမှာပင် လူသတ်မှုပေါင်း (၃၄၆)မှု ဖြစ်ပွားခဲ့သည်။
မူးယစ်ဆေးဝါး ပြဿနာ
          ““တရားရေးဘက်က အားနည်းချက်လည်းပါတယ်။ ရဲတပ်ဖွဲ့က အားနည်းချက်လည်း ပါတယ်။ အဲဒီ အထဲမှာ တိုက်တွန်းစေ့ဆော်တဲ့ အဓိကအချက်ကတော့ မူးယစ်ဆေးဝါး ပြဿနာပဲ။ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကလည်း တစ်ပြည်လုံးအနှံ့ ပျံ့လာတယ်””လို့ ဦးရောဘတ်စန်းအောင်က ပြောသည်။
          ထို့အပြင် ယခုကဲ့သို့ ရာဇ၀တ်မှုများ မြင့်တက်လာခြင်းကို အားပေးနေသည့်အရာမှာ မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။ လက်ရှိတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး နှိမ်နင်းမှုကို အထူးအလေးပေး လုပ်ဆောင်လျက်ရှိပြီး၊ မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းချသူများကိုလည်း မကြာခဏပင် ဖမ်းမိနေသည်။ သို့သော် ဖမ်းမိသည့်အခါ မူးယစ်ဆေးသုံးစွဲသူ၊ လက်လီရောင်းချသူများကိုသာ ဖမ်းဆီးနိုင်ပြီး ပင်ရင်းမူးယစ်ရာဇာကြီးများကို မဖမ်းဆီးနိုင်သေးသည့် အချက်ကိုလည်း ဒေါ်လာသန်းချီ  တန်ဖိုးရှိသော ပိုင်ရှင်မဲ့ ဖမ်းမိသော မူးယစ်ဆေးဝါးများက သက်သေခံလျက် ရှိနေသည်။
ရဲတပ်ဖွဲ့အင်အား၊
          ““အခုလို မှုခင်းကြီးတွေ များနေရတာလည်း တရားဥပဒေဖော်ဆောင်တဲ့ အဖွဲ့အစည်းက အင်အားနည်းပါးနေတာကြောင့်လည်း တစ်ပိုင်းပါတယ်”” လို့ ဥပဒေပညာရှင် ဆရာသော်နေဇော်က ပြောသည်။
          လက်ရှိတွင် မြန်မာနိုင်ငံ၌ ရဲတပ်ဖွဲ့ဝင်အင်အားမှာ ခုနစ်သောင်းကျော်သာ ရှိနေရာ ရဲတပ်ဝင်များနှင့် ပြည်သူအရေအတွက် အချိုးအစားမှာ အလွန်ကွာခြားနေပြီး ၁ အချိုး (၁၁၉၁) ဖြစ်နေသည်။ ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် ပြည်သူတစ်ထောင်၏ လုံခြုံရေးကို စောင့်ရှောက်နေရသည့် အခြေအနေတွင် ရှိနေသည်။ နိုင်ငံတကာစံနှုန်းအရ ရဲနှင့် ပြည်သူအချိုးမှာ ၁ အချိုး (၄၀၀) ဟု သတ်မှတ်ထားကြသည်။
          ထို့အပြင် အဆိုပါ ရဲတပ်ဖွဲ့ဝင် အချိုးနှင့် ပြည်သူအချိုး ကွာခြားမှုမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကွဲပြားမှုရှိသည်။
          ရဲတပ်ဖွဲ့ဝင်အင်အား များပြားလာခြင်းက အမှုအခင်းများကို တားဆီးနိုင်သည်။ ကာကွယ်နိုင်သည်။ သို့သော် အမှုအခင်းတိုင်းကိုတော့ မဟုတ်ပေ။
ဥပဒေ အသိအားနည်းခြင်း၊
          ““လင်မယားချင်း စကားများတယ်။ နောက်ဆုံး ထသတ်တယ်။ ဒါမျိုးတွေကျတော့ ကျွန်တော်တို့က ဘေးကသွားထိုင်စောင့်နေလို့ မရဘူး။ ဒီတော့ ကျွန်တော်တို့က ဥပဒေဆိုင်ရာ အသိပညာပေးတာတွေ လုပ်တယ်””လို့ ရဲမှူးသိန်းအောင်က ပြောသည်။
          ထို့ကြောင့် ယခုကဲ့သို့ အမှုအခင်းများကို လျှော့ချဖို့ဆိုလျှင် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ တရားဥပဒေများ အကြောင်းကို အသိပညာ ပေးမှုတွေ များများလုပ်ရမည်ဟု ၎င်းကဆိုသည်။ လက်ရှိတွင် တရားဥပဒေကို လိုက်နာရမည့် သူများမှာ ကိုယ်လိုက်နာရမည့် ဥပဒေအကြောင်းကို ကောင်းကောင်း မသိသည်များလည်း ရှိသည်။ တရားဥပဒေကို နားမလည်၍ ကျူးလွန်သော်လည်း တရားဥပဒေက ခွင့်လွှတ်မည် မဟုတ်သောကြောင့် တရားဥပဒေအကြောင်းကို သိရှိကြရန်လိုသည်။
တရားရေး အားနည်းချက်၊
          ဥပဒေပညာရှင်များ ကတော့ အပြစ်ပေးသည့်စနစ်၊ တရားရေးစနစ် အားနည်းချက်များကို ထောက်ပြကြသည်။
          ““ရဲတွေကလည်း ပိုက်ဆံတတ်နိုင်တဲ့လူကို အမှုတစ်မျိုး တည်ဆောက်တယ်။ တရားသူကြီးတွေ၊ ဥပဒေ အရာရှိတွေကလည်း အဲဒီလိုပဲ ပိုက်ဆံတတ်နိုင်တဲ့လူကို တစ်မျိုးအကြံပေးတယ်။ တစ်မျိုး စီရင်ချက်ချတယ်””လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
          ထို့အတူ တစ်ဖက်ကလည်း မြန်မာနိုင်ငံရှိ တရားရေးစီရင်ရေး စနစ်တွင် လာဘ်ပေး လာဘ်ယူမှု ဟူသော အဂတိအပြင် ကြောက်ရွံ့သည့် ဘယာဂတိလည်း ရှိနေသည်ဟု ရှေ့နေအချို့က ပြောသည်။ ၎င်းတို့၏ အသက်အန္တရာယ် အတွက် ကြောက်ရွံ့မှု၊ အုပ်ချုပ်ရေး အဖွဲ့အစည်း အပေါ် ကြောက်ရွံ့မှုများ ရှိနေသောကြောင့် ပြစ်မှုအတွက် ထိုက်သင့်သည့် ပြစ်ဒဏ်မျိုးကို မချရဲသည်များလည်း ရှိသည်ဟု ဆိုကြသည်။
          ““ကျွန်တော် တရားသူကြီးတွေနဲ့ မေးကြည့်တဲ့အခါ တရားစီရင်တဲ့ တရားသူကြီးတွေက ကြောက်တာတွေပါတယ်။ သူတို့ရဲ့ လုံခြုံရေး အာမခံချက်မရှိဘူး။ တရားသူကြီးတွေက ကိုယ်တိုင် ကားတိုးစီးနေရတော့ ဓားနဲ့ထိုးခံရမှာလည်း ကြောက်တယ်။ သူတို့က ထိထိရောက်ရောက် အရေးယူဖို့ ကြောက်နေကြတယ်။ ထိထိရောက်ရောက် အရေးယူရင် ရန်ပြုမှာစိုးကြတယ်။ တရားရေးမဏ္ဍိုင်မှာ အကြောက်ရောဂါ ပျောက်အောင် လုပ်ပေးဖို့ လိုတယ်။ ပိုင်ရာဆိုင်ရာနဲ့ လုပ်တာကိုလည်း တချို့တွေက ကြောက်တယ်””လို့ ဦးရောဘတ်စန်းအောင်က  ပြောသည်။   
ပြစ်ဒဏ် လျော့ပေါ့ခြင်း၊
          ထို့အပြင်လည်း ယခုကဲ့သို့ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုများ များပြားလာခြင်းမှာ တရားဥပဒေအရ ချမှတ်သောပြစ်ဒဏ် ပေါ့လျော့နေခြင်းကြောင့် ဖြစ်သည်ဟုလည်း သုံးသပ်မှုများ ရှိသည်။
          ““ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ကတော့ ပြစ်ဒဏ်ကျူးလွန်သူတွေကို ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်မျိုးပဲ ရစေချင်တယ်။ မဟုတ်ရင် ပြစ်မှုကျူးလွန်ရမှာ မကြောက်တော့ဘူး”” လို့ ရဲမှူးသိန်းအောင်က ပြောသည်။
          အချို့လူတွေမှာ ပြစ်ဒဏ်ကို မကြောက်တော့ဘဲ ထောင်ထဲဝင်လိုက် ထွက်လိုက်ရှိသည်ဟု ၎င်းက ဆိုသည်။
          ““သေဒဏ်ကို ချတယ်။ ဒါပေမဲ့ သေဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ချပေးလိုက်တော့ တို့က ဘာမှမဖြစ်ပါဘူး ဆိုတာမျိုးတွေ သူတို့ရဲ့ စိတ်ထဲမှာ စွဲသွားကြတယ်””လို့ ဦးရောဘတ်စန်းအောင်က ပြောသည်။ 
          ထိုကဲ့သို့ပင် အခြားလူများကလည်း မြန်မာနိုင်ငံ၌ ပြစ်မှုကြီးတွေ များပြားနေခြင်းကို လျှော့ချဖို့ အတွက် သေဒဏ်ကွပ်မျက်သည့် စနစ်ကို ပြန်လည်ကျင့်သုံးသင့်သည်ဟု သုံးသပ်ကြသည်။ သို့မှသာ ပြစ်မှုကျူးလွန်မည့်သူများ အနေဖြင့် ပြစ်ဒဏ်ကို ကြောက်ရွံ့သဖြင့် ပြစ်မှုကို မကျူးလွန်ရဲတော့မည်ဟု ယူဆကြသည်။ ထို့ကြောင့် အစိုးရအနေဖြင့် သေဒဏ်ကွပ်မျက်သည့် စနစ်ကို ပြန်လည်ကျင့်သုံးသင့်ကြောင်း တိုက်တွန်းကြသည်။
          ထို့အတူပင် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက သက်ငယ်မုဒိမ်းမှုများ မြင့်တက်လာခဲ့ခြင်းကြောင့် သက်ငယ် မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရန် အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ဖူးသော်လည်း ယင်းအဆိုမှာ အောင်မြင်ခဲ့ခြင်း မရှိပေ။
          ““လူသတ်မှုတွေ၊ သက်ငယ်မုဒိမ်းတွေ၊ မူးယစ်ဆေးဝါးမှုတွေ အဲဒါတွေကို သေဒဏ်တွေ ပြန်ကျင့်သုံးသင့်တယ်။ သေဒဏ်ထိုက်သင့်တဲ့ ပြစ်မှုကြီးတွေကို သေဒဏ် ပြန်လည်ကျင့်သုံးသင့်တယ်။ မြန်မာနိုင်ငံမှာ သေဒဏ် မကျင့်သုံးတော့တာကြာပြီ””လို့ တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က ပြောသည်။
          မြန်မာနိုင်ငံသည် သေဒဏ်ချမှတ်ခြင်းကို ဖျက်သိမ်းထားခြင်းမရှိဘဲ လူသတ်မှု၊ အကြမ်းဖက်မှု၊ နိုင်ငံတော် ပုန်ကန်မှုများ အတွက် သေဒဏ်ချမှတ်ခြင်းသော် လည်းကောင်း၊ သေဒဏ်ကျခံရသူများကို ကွပ်မျက်သည့် အလေ့အထကိုမူ ၁၉၉၃ ခုနှစ်မှ စတင်ကာ မကျင့်သုံးတော့ခြင်း ဖြစ်သည်။ ထို့အတူ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း (၅၈) နိုင်ငံတွင် သေဒဏ်ပေးသည့် ဥပဒေရော၊ ကွပ်မျက်သည့် အလေ့အကျင့်ပါ ရှိသေးသည်။
          နိုင်ငံပေါင်း (၃၁) နိုင်ငံကတော့ သေဒဏ်ပေးသည့် ဥပဒေကို ပယ်ဖျက်ခြင်း မရှိသော်လည်း ကွပ်မျက်ခြင်း မပြုတော့ပေ။ နိုင်ငံပေါင်း (၆) နိုင်ငံကတော့ စစ်ပွဲအတွင်း ကျူးလွန်သည့် ပြစ်မှုများကလွဲလျှင် အခြားသော ပြစ်မှုများအတွက် သေဒဏ်ကို ပယ်ဖျက်ထားသည်။ နိုင်ငံပေါင်း (၁၀၃) နိုင်ငံကတော့ သေဒဏ်ပေးခြင်းကို လုံးဝပယ်ဖျက်ထားသည်။
            အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ မှတ်တမ်းများအရဆိုလျှင် မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ လူပေါင်း (၅၄) ဦးကို သေဒဏ်ချမှတ်ထားသော်လည်း ကွပ်မျက်ခြင်း မပြုခဲ့ပေ။
လွှတ်တော်နှင့် မှုခင်းကျဆင်းရေး၊
          ထို့ကြောင့် ထိုက်သင့်သော ပြစ်ဒဏ်တွေ ချမှတ်ဖို့ ဥပဒေတွေ ပြင်ဆင်မည်။ ရေးဆွဲဖို့ လွှတ်တော်တွင် တာဝန်ရှိသည်။ ဥပဒေပညာရှင်အချို့ တိုက်တွန်းသလို သေဒဏ်တွေ ပြန်လည်ကျင့်သုံးဖို့ ပြဋ္ဌာန်းမည် ဆိုလျှင်လည်း ကျင့်သုံးရန် သင့်၊ မသင့် လွှတ်တော်အနေဖြင့် ကြားနာကာ လုပ်ဆောင်ရမည် ဖြစ်သည်။
          ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကတော့ မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် အဆိုတင်ဆွေးနွေးခဲ့သည်။ ““အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတည်ဆောက်ရေး တို့အတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်နေသောကြောင့် မှုခင်းကျဆင်းရေးကို အမြန်ဆုံးဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို””ကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းကာ ကိုယ်စားလှယ် စုစုပေါင်း (၁၆) ဦးက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
           ထိုသို့ ဆွေးနွေးရာတွင် အထက်တွင် ဖော်ပြခဲ့သည့် မူးယစ်ဆေးဝါးကိစ္စများ၊ ရဲနှင့် ပြည်သူအချိုးမမျှမှုများ၊ တရားစီရင်ရေးမဏ္ဍိုင်၏ အားနည်းချက်များကို ထောက်ပြဆွေးနွေးနေခဲ့ကြကာ ပြည်ထောင်စုအစိုးရကိုလည်း မှုခင်းကျဆင်းရေး အတွက် အလျင်အမြန် ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်က တိုက်တွန်းခဲ့သည်။
လူသတ်မှုကို ဖြစ်စေသည့် အကြောင်းတရားများ၊
          လူသတ်မှုကို ဖြစ်စေသည့် အကြောင်းတရားများတွင် အထက်ပါ အချက်များအပြင် အခြား အကြောင်းအရာများလည်း ရှိနေနိုင်သည်။ ရဲတပ်ဖွဲ့ဝင် အရေအတွက် တိုးမြှင့်ခန့်ထားလိုက်ရုံနှင့် မှုခင်းများ ကျဆင်းသွားနိုင်သည်ဟု တစ်ထစ်ချဆို၍မရပေ။ ထို့အတူ မူးယစ်ဆေးဝါးများကို နှိမ်နင်းလိုက်ရုံနှင့် လူသတ်မှုများ၊ မုဒိမ်းမှုများ ကျဆင်းနိုင်သည်ဟု အပ်ကျမပ်ကျ ပြော၍မရပေ။
          ထိုနည်းတူပင် သေဒဏ်ပေးခြင်းဖြင့် လူသတ်မှု၊ မုဒိမ်းမှုများကို တားဆီးနိုင်လိမ့်မည်ဟူ၍လည်း ကံသေကံမ ပြော၍မရနိုင်ပေ။ သေဒဏ်ပေးခြင်းဆိုင်ရာ အချက်အလက် စင်တာမှ သုတေသန ပြုချက်အရဆိုလျှင် သေဒဏ်ကွပ်မျက်ခြင်း မရှိသော၊ သေဒဏ်မရှိသော နိုင်ငံများသည် သေဒဏ်ရှိသည့် နိုင်ငံများထက် လူသတ်မှုနှုန်း လျော့နည်းသည်ဟု ဆိုထားသည်။
          စိတ်ပညာရှင်များ၏ သုတေသနအဆိုအရ လူသတ်မှု၊ လူသေစေမှု ဖြစ်စေနိုင်သည့် အကြောင်းရင်း ဆယ်ခုရှိသည်ဟု ဆိုသည်။ ၎င်းတို့မှာ အိမ်တွင်းရေး လူမှုရေးပြဿနာ၊ ငွေ၊ လက်စာချေခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါး၊ ဘာသာရေး အငြင်းပွားမှု၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်း၊ ဒေါသ၊ လောဘ၊ လမ်းစည်းကမ်း ယာဉ်စည်းကမ်း မလိုက်နာခြင်း၊ သနား၍ သေစေခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။
          ယခုနှစ် အစောပိုင်းကလည်း သမီးရည်းစား လူမှုရေး ပြဿနာများကြောင့် လူကြားထဲတွင် ဓားနှင့်ထိုးသည့် အမှုများ ငါးမှုထက်မနည်း ဖြစ်ပွားခဲ့သည်။
          လူသတ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး၏ သုတေသန အစီရင်ခံစာ တစ်စောင်တွင်တော့ ယခုကဲ့သို့ ကောက်ချက်ချထားသည်။
          ““စီးပွားရေး လှုမှုရေး မတည်ငြိမ်မှုများသည် လူသတ်မှုကို ပို၍ဖြစ်ပွားစေရာ လူသတ်မှုနှုန်းသည် လူသားဖွံ့ဖြိုးမှုနည်းပြီး ၀င်ငွေမညီမျှမှု မြင့်မားကာ တရားဥပဒေစိုးမိုးမှု လျော့ရဲအားနည်းသော နိုင်ငံများတွင် ပို၍များသည်””
          ထို့အတူလက်ရှိ မြန်မာနိုင်ငံ လူ့အသိုက်အ၀န်းတွင် ပြဿနာတစ်ခု ကြုံတွေ့နေရသည်။ ကိုယ့်ရှေ့တွင် လူတစ်ယောက် ရိုက်နှက်ထိုးကြိမ် ခံနေရလျှင်ပင် မသိကျိုးကျွန် ပြုနေကြခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ရန်ကင်းစင်တာနားက လူသတ်မှုဆိုလျှင် လူတွေရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုအမှုဖြစ်ပွားစဉ်က ၀င်ဆွဲမည့်သူမရှိ။ တားမည့်သူမရှိ။ ရဲတိုင်မည့်သူမရှိ။
          ထိုပြဿနာမှာလည်း လူထုအနေဖြင့် ရုံးပြင်ကန္နားသွားရမှာကို စိုးရိမ်နေကြခြင်းကြောင့်လည်း ဖြစ်သည်။ လမ်းဘေးတွင် ယာဉ်မတော်တဆမှုဖြစ်၍ ဒဏ်ရာရနေသူကိုပင်လျှင် ဆေးရုံပို့သူက ရှားသည်။ ပုဂ္ဂလိက ဆေးခန်းက ဆရာဝန်တွေ ဆိုလျှင်လည်း အမှုပတ်မည်စိုး၍ ကုသမပေးပေ။  
          လက်ရှိဖြစ်ပေါ်နေသော လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုများနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး ပြဿနာ၊ ရဲတပ်ဖွဲ့ဝင် အင်အား၊ တရားဥပဒေစိုးမိုးမှုကို ထောက်ပြခြင်းအပြင် ထိုထက်ပို၍ နက်ရှိုင်းသော အကြောင်းတရားများကိုလည်း စဉ်းစားအဖြေရှာဖို့ လိုသည်….။
Loading...