Breaking News


အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်နှင့် အမှုရင်ဆိုင်နေသည့် ကလေးနှစ်ဦးအား တရားစရိတ်နှင့် အထွေထွေ ကုန်ကျစရိတ်ကို သရုပ်ဆောင် ခိုင်နှင်းဝေကူညီမည်


Loading...



အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်အမှုတွင် နှိပ်စက်ခံခဲ့ရသည့် အိမ်အကူကလေးနှစ်ဦးတို့၏ တရားစရိတ်နှင့် အထွေထွေ ကုန်ကျစရိတ်များကို အကူအညီပေးသွားမည်ဖြစ်ကြောင်း ကလေးသူငယ်လူကုန်ကူးတိုက်ဖျက်ရေး သံတမန် တစ်ဦးဖြစ်သော သရုပ်ဆောင်ခိုင်နှင်းဝေက ပြောဆိုလိုက်သည်။

‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး တခြားလူတွေလည်း ငွေကြေးနဲ့ကူညီကြပါတယ်။ လှူကြပါတယ်။ အစ်မလည်း ဒီကလေး တွေအတွက် ဘာကူညီပေးနိုင်မလဲကြည့်တဲ့အခါ ဒီငွေကြေးနဲ့ကူညီနိုင်တယ်။ အစ်မကလည်း ကလေးသူငယ် လူကုန်ကူးတိုက်ဖျတ်ရေးသံတမန်တယောက်အနေနဲ့ တရားရင်ဆိုင်တဲ့အခါ လိုအပ်တဲ့ငွေကြေးကို ကူညီသွား မယ်ပေါ့။ တရားရင်ဆိုင်ရင် ဘယ်လောက်ကြာမလဲမသိဘူးလေ။ ဒီတရားရင်ဆိုင်တဲ့ကာလ၊ အမှုပြီးတဲ့အထိကို တရားစရိတ်ရော၊ သူတို့လေးတွေသွားလာတဲ့အခါ ကုန်ကျမယ့်အထွေထွေစရိတ်ကို အမှုပြီးတဲ့အထိ ကူသွားပါ မယ်။’’ဟု သရုပ်ဆောင် ခိုင်နှင်းဝေကပြောသည်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ လမ်း(၄၀)အထက်ဘလောက်ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်ရှင်၏ နှိပ် စက်ညှင်းပန်းမှုခံခဲ့ရသည့် အသက်(၁၇)နှစ်နှင့် အသက်(၁၆)နှစ်အရွယ် အိမ်အကူမိန်းကလေးတို့ကို တရားရုံး များ၊ ရဲစခန်းများသို့ သွားလာရာတွင် ကုန်ကျသည့် အသွားအပြန်လမ်းစရိတ်၊ ကလေးများ လမ်းခရီးတွင်  စားသောက်စရိတ်များကို ကူညီမည်ဖြစ်ကြောင်း သိရသည်။

ခိုင်နှင်းဝေအနေဖြင့် ယခုကဲ့သို့ ကူညီရသည့်ရည်ရွယ်ချက်မှာ ကလေးသူငယ်များအား လူကုန်ကူးမှုပပျောက်  ရေး၊ ကလေးသူငယ်များနှင့် ကလေးလုပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှုပပျောက်ရေးနှင့် ကလေးများအား ညှင်းပန်းနှိပ်စက်နေသူများအနေဖြင့် ယခုအမှုကိုကြည့်ခြင်းဖြင့် အသိတရား၊ လူသားချင်းကိုယ်ချင်းစာတရား ထားတတ်ရန်ရည်ရွည်ကာ ကူညီခြင်းဖြစ်ကြောင်း ခိုင်နှင်းဝေက ပြောသည်။

ကလေးများ ညှင်းပန်းနှိပ်စက်ခံရခြင်းကို Myanmar Now မှ သတင်းထောက်ချုပ် ကိုဆွေဝင်းက ကျောက် တံတားရဲစခန်းတွင် လွန်ခဲ့သောလေးလခန့်က တိုင်ကြားမှုများပြုလုပ်ခဲ့ပြီး နှစ်ပါတ်အကြာတွင် ထူးခြားမှုမရှိ သောကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြားခဲ့ရာ လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာ ၁၅ ရက်တွင် ရဲတပ်ဖွဲ့၊ ဆိုင်ပိုင်ရှင်၊ နှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေး၏မိဘများနှင့် ကိုဆွေဝင်း တို့ကိုခေါ်ယူတွေ့ဆုံ၍ လျော်ကြေးကျပ်သိန်း(၅၀)ဖြင့်ကျေအေးရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ စက်တင်ဘာ ၂၀ ရက်တွင် ကျောက်တံတားမြို့ နယ်ရဲစခန်း၌ (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့်အမှုဖွင့်လှစ်ခဲ့ကာ လက်ရှိ စက်တင်ဘာ ၂၂ ရက်အထိ အပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုများဖြစ်သည့် ဒေါ်တင်သူဇာ(၅၇)နှစ်၊ တင်မင်းလတ်(ခ) ဖိုက်ဇယ်(၃၇)နှစ်၊ မစုမွန်လတ်(၂၇)နှစ်၊ ဦးကိုလတ်(၆၃)နှစ်တို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
Loading...