အိုဘားမားကို အမေနှင့်တိုင်းဆဲမည်ဟု ပြောသဖြင့် သမ္မတအိုဘားမားက ဒူတာတေနှင့်တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်း

_________________________________________________________


အိုဘားမားကို အမေနှင့်တိုင်းဆဲမည်ဟု ပြောသဖြင့် သမ္မတအိုဘားမားက ဒူတာတေနှင့်တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်း
------ ------ ------ ------ ------
အမေရိကန်သမ္မတ အိုဘားမားအနေဖြင့် ဖိလစ်ပိုင်သမ္မတသစ် ဒူတာတေနှင့် ပထမဆုံးအကြိမ်တွေ့ဆုံဖြစ်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သြဂုတ် ၆ ရက်နေ့တွင် အိမ်ဖြူတော်က သတင်းထုတ်ပြန်လိုက်သည်။

အိုဘားမားသည် တရုတ်နိုင်ငံတွင် ပြုလုပ်လျှက်ရှိသော G20 အစည်းအဝေးမှအပြန်တွင် လာအိုနိုင်ငံတွင်ပြုလုပ်မည့်အာဆီယံအစည်းအဝေး၌ ဖိလစ်ပိုင်သမ္မနှင့်တွေ့ဆုံရန် စီစဉ်ထားသော်လည်း ဒူတာတေ၏ပြောကြားချက် ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

သမ္မတအိုဘားမားက ဖိလစ်ပိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေးစီမံချက်အပေါ်မေးမြန်းပါက ၎င်းအနေဖြင့် အိုဘားမားကို အမေနှင့်တိုင်း၍ဆဲရေးရလိမ့်မည်ဟု ဒူတာတေက ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူက ဘာမို့လို့ ကျုပ်ကိုတွေ့ရမှာလဲ။ ကျုပ်က အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံတနိုင်ငံရဲ့ သမ္မတဖြစ်ပြီး ဖိလစ်ပိုင်ဟာ အမေရိကန်ရဲ့ကိုလိုနီမဟုတ်တော့တာ ကြာပြီဗျ။ ကျုပ်မှာ ဖိလစ်ပိုင်ပြည်သူကလွဲပြီး နာခံရမယ့်သခင် မရှိဘူး။ အပြန်အလှန် လေးစားမှုရှိရမယ်လေ။ ဟိုမေးဒီမေး လာမလုပ်နဲ့။ ဆွေးနွေးပွဲ လူပုံလယ်မှာ ခွေးမသားလို့ ဆဲပစ်လိုက်မယ်”ဟု ဒူတာတေက ပြောသည်။

ဖိလစ်ပိုင်နိုင်ငံ၏မူးယစ်ဆေးဝါးတိုက်ဖျက်မှုသည် နိုင်ငံတကာကလက်ခံသော စံသတ်မှတ်ချက်များနှင့်အညီဖြစ်စေရန် ဆွေးနွေးပြောဆိုမည်ဟု သမ္မတ အိုဘားမားက အစောပိုင်းက ပြောကြားထားခဲ့သည်။

သမ္မတအိုဘားမားက ဖိလစ်ပိုင်သမ္မတ ဒူတာတေနှင့်တွေ့ဆုံမှုအစား တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးနှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေသည် မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အပြင်းအထန် လုပ်ဆောင်လျှက်ရှိရာ ဥပဒေဘောင်ကို ကျော်လွန်လုပ်ဆောင်နေခြင်းများကြောင့် နိုင်ငံတကာတွင် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ဒူတာတေ သမ္မတဖြစ်လာပြီး ၂ လကျော်ကာလအတွင်း ၎င်း၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံချက်ကြောင့် လူ ၂၀၀၀ ကျော် သေဆုံးပြီးဖြစ်ကြောင်း သိရသည်။

Ref;Reuters
Newswatch 
Loading...