ကြံခင်း-ပုသိမ် ရထားပေါ်၌ တွေ့ရှိခဲ့သည့် ၁၃ နှစ်အရွယ် မိန်းကလေးအလောင်းမှာ အဓမ္မပြုကျင့်ခံရပြီးမှ အသတ်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူ ပြောကြား


_________________________________________________________


ကြံခင်း - ပုသိမ်ရထားပေါ်၌ တွေ့ရှိခဲ့သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးအလောင်းမှာ အဓမ္မပြုကျင့်ခံရပြီးမှ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သြဂုတ်၂၆ ရက်တွင် ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

ယင်းအမှုနှင့် ပတ်သက်၍ မသင်္ကာသူတစ်ဦး အပါအ၀င် ပတ်ဝန်းကျင်သက်သေများကို ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အလောင်းတွေ့ရှိပြီး ၄ ရက် အကြာတွင် ထိုသို့အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ညွှန်ကြားချက်အရ မြို့နယ်ရဲတပ်ဖွဲ့မှူး အနီးကပ်ကွပ်ကဲပြီး အမှုစစ် မီးရထားစခန်းမှူးနဲ့အတူ ကျွန်တော်တို့ နယ်ထိန်းအဖွဲ့က မသင်္ကာသူကို စစ်ဆေးခဲ့တယ်။ အဲဒီလူက ကောင်မလေးကို အဓမ္မပြု ကျင့်ပြီးမှ သတ်ခဲ့တာပါလို့ ထွက်ဆိုတယ်။ ရထားတွဲပေါ်မှာ အဓမ္မပြုကျင့်တယ်။ အဲဒီနောက် အ၀တ်နဲ့ လည်ပင်းကိုပတ်ပြီး နင်းသတ်တယ်။ ပြီးတော့မှ ရထားတွဲအိမ်သာထဲ ထည့်ပိတ်ထားခဲ့တာလို့ ထွက်ဆိုထားပါတယ်” ဟု နယ်ထိန်းခေါင်းဆောင် ရဲအုပ်နေမျိုးလင်းက ပြောကြားသည်။

“သေဆုံးသူရဲ့အလောင်းကို ရင်ခွဲစစ် ဆေးခဲ့တဲ့ ဆရာဝန်ကတော့ လည်ပြွန်ပြတ်ပြီး သေဆုံးတယ်ဆိုတာကို  အတည်ပြုထားတယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့က ဒီအမှုကို သေမှုသေခင်း ဖွင့်ထားရာကနေ လူသတ်မှုအဖြစ် ပြောင်းပြီး အမှုဖွင့်ထားပါတယ်။ အခင်းဖြစ်ပြီး လေးရက်အတွင်း ဒီအမှုကို စစ်ဆေး ပေါ်ပေါက်ခဲ့တာပါ” ဟု ရဲအုပ်နေမျိုးလင်းက ဆက်လက်ပြောကြားသည်။  

ဟင်္သာတဘူတာ အမှတ် (၂) စင်္ကြံတွင် ညအိပ်အခြေပြု ရပ်နားထားသော အမှတ် (၁၈၂) အစုန် ကြံခင်း - ပုသိမ်အမြန်ရထား၊ ရိုးရိုးတန်းတွဲ (၂) အိမ်သာအတွင်း၌ အဆိုပါ အမှုမှ အသက် ၁၃ နှစ်အရွယ်  မိန်းကလေးအလောင်းကို သြဂုတ် ၂၂ ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုအား ရဲစခန်းမှူး ရဲအုပ်မောင်မောင်တာက တရားလိုပြုလုပ်ကာ (ပ) ၉/၂၀၁၆၊  ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဟင်္သာတ မီးရထားရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။ 
Eleven Media Group

Loading...