တောင်ကျချောင်းရေနှင့်အတူ အမျိုးသမီးတစ်ဦး မျောပါပျောက်ဆုံး



_________________________________________________________


ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် နောင်ဖာကျေးရွာအဝင်တံတား၌ ယနေ့(သြဂုတ် ၁၅ရက်)နံနက် ၅နာရီခန့်က မိုးသည်းထန်စွာရွာသွန်းစဉ် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦး တောင်ကျချောင်းရေနှင့်အတူ မျောပါပျောက်ဆုံးခဲ့ကြောင်း ယင်းမြို့ဒေသခံများထံမှ သိရသည်။
ယင်းမြို့နယ် မယ်နင်ကျေးရွာနေ အသက် ၃၄နှစ်အရွယ် နန်းစံမွန်းသည် မိုင်းဆတ်-မိုင်းတုံသွား ဆိုက်ခေါင်တံတားကို မော်တော်ဆိုင်ကယ်ဖြင့် ဖြတ်သန်းစဉ် ချောင်းရေနှင့်အတူ မျောပါပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမျိုးသိန်းက ပြောကြားသည်။
"မိုးက မနက်၂နာရီလောက်ကတည်းကရွာနေတယ်လို့ သိရပြီး အဲ့ဒီအမျိုးသမီးက မိုင်းဆတ်ဈေးထဲမုန့်ညှင်းပို့ပြီးအပြန်မှာ ဆိုင်ကယ်နဲ့လူရော ချောင်းရေထဲမျောသွားတာ။ဒီဘက်ဒေသကမိုးရွာပြီဆို တောင်ကျချောင်းရေက တစ်ရှိန်ထိုးစီးဆင်းတတ်တယ်"ဟု ၎င်းက ဆိုသည်။
ယနေ့ နံနက်က မိုးသည်းထန်စွာရွာသွန်းစဉ် နံနက် ၅နာရီ ၁၅မိနစ်ခန့်အထိ ယင်းချောင်းရေသည် တံတားနှင့် မြေနိမ့်ပိုင်းကားလမ်းမပေါ်သို့ ရေသုံးပေခန့်အထိ မြင့်တက်ခဲ့ကြောင်း၊လက်ရှိတွင် ယင်းအမျိုးသမီးကို ရဲတပ်ဖွဲ့ဝင်များအပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၃၀ဦးကျော်ဖြင့် ချောင်းရိုးတစ်လျှောက် လိုက်လံရှာဖွေနေကြောင်း မိုင်းဆတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The voice
Loading...