Breaking News


ရဲဖြစ်သူက ကျင်စက်ဖြင့် ပစ်လိုက်ရာတွင် အက်စတွန်ဗီလာ ကစားသမားဟောင်း အက်ကင်ဆန် အသက်ဆုံးရှုံး


Loading...


အက်စတွန်ဗီလာအသင်း ကစားသမားဟောင်း ဒါနီရယ်လ် အက်ကင်ဆန်သည် အမူးလွန်၍ ရမ်းကားနေစဉ်အခိုက်တွင် ၎င်းကိုတားဆီးရန် ရဲတစ်ဦးက ကျင်စက်သေနတ်ဖြင့် ပစ်လိုက်ရာ၌ နှလုံးဖောက်ကာ အသက်ဆုံးရှုံးသွားခဲ့ကြောင်း The Guardian က ဖော်ပြထားသည်။
အက်ကင်ဆန်သည် ၁၉၉၀ ပြည့်နှစ်လွန် ကာလများတွင် အက်စတွန်ဗီလာအသင်း၏ အဓိကကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ကာ နစ်ခ်ဘမ်ဘီ၊ ပေါလ်အင့်စ်၊ ဂယ်ရီစပိဒ်၊ ရေးပါလာ၊ ဂျေမီရက်နပ် အစရှိသည့် အကျော်အမော်များနှင့်လည်း ခေတ်ပြိုင်ဖြစ်ခဲ့သူ ဖြစ်သည်။



အက်ကင်ဆန်သည် တယ်လ်ဖို့ဒ်အရပ်ရှိ ၎င်း၏ မိသားစုဝင်များ နေထိုင်သည့် နေအိမ်ရှေ့သို့ လာရောက်သောင်းကျန်းရာတွင် အိမ်နီးချင်းတစ်ဦးက ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားလိုက်ခြင်း ဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းရန် ရောက်ရှိလာသည့် ရဲတပ်သားက အက်ကင်ဆန်ကို ကျင်စက်သေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းလိုက်ရာတွင် အခန့်မသင့်ဖြစ်ကာ အက်ကင်ဆန်က ကွယ်လွန်သွားခဲ့ရခြင်း ဖြစ်သည်။
အက်ကင်ဆန်သည် တယ်လ်ဖို့ဒ်အရပ်ရှိ ၎င်း၏ မိသားစုဝင်များ နေထိုင်ရာ နေအိမ်ရှေ့သို့ အမူးလွန်၍ ရောက်လာခဲ့ခြင်း ဖြစ်ကာ နေအိမ်ရှေ့သို့ ရောက်လာခဲ့ချိန်တွင် အက်ကင်ဆန်၏စိတ်မှာ ပုံမှန်မဟုတ်သည်ကို သတိပြုမိကြောင်း ၎င်း၏ ဖခင်က ဖွင့်ဟပြောဆိုသွားခဲ့သည်။
အက်ကင်ဆန်သည် အခင်းဖြစ်ပွားစဉ်တွင် အရက်အလွန်အကျွံ သောက်ထားခြင်း သို့မဟုတ် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲထားခြင်း အစရှိသည့် အခြေအနေမျိုးတွင် ရှိနေခဲ့ကာ နံနက်လင်းအားကြီး တစ်နာရီခွဲ အချိန်ခန့်တွင် နေအိမ်တံခါးကို ထုရိုက်၍ ပတ်ဝန်းကျင် နားမခံသာဖွယ်ရာ အော်ဟစ်ဆဲဆိုနေခဲ့သည့်အတွက် အက်ကင်ဆန်ကို လာရောက်ထိန်းသိမ်းပေးပါရန် အိမ်နီးချင်းဖြစ်သူက ရဲတပ်ဖွဲ့ထံ အကူအညီ တောင်းလိုက်ခြင်းဖြစ်ဖွယ် ရှိသည်။
အနောက်မာစီယာဒေသ ရဲတပ်ဖွဲ့သည် လက်ရှိတွင် ဖြစ်စဉ်အသေးစိတ်ကို ရဲတပ်ဖွဲ့ ဗဟိုကော်မရှင်ထံသို့ တင်ပြထားပြီဖြစ်ကာ အက်ကင်ဆန်ကို ကျင်စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သားကို အဆိုပါ ဗဟိုကော်မရှင်က ဆုံးဖြတ်သည့်အတိုင်း ဆက်လက်အရေးယူသွားမည်ဟု အနောက်မာစီယာဒေသ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
The voice
Loading...