Breaking News


ဖေ့စ်ဘုတ်ရွာရုပ်ရှင်ဇာတ်လမ်းကျောရိုး ခိုးယူခံရမှု စာရေးဆရာ သန်းထိုက်လူ သတင်းစာရှင်းလင်းမည်

Loading...



ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကား၏ ဇာတ်လမ်းကျော်ရိုးမှာ ၎င်း၏ ဇာတ်လမ်းကျောရိုးနှင့် တူညီနေသည့်အတွက် ခိုးယူခံရသည်ဟုဆိုကာ စာရေးဆရာ သန်းထိုက်လူက သြဂုတ် ၁၆ ရက်နေ့တွင် သတင်းစာရှင်းလင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် စာရေးဆရာ သန်းထိုက်လူက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ဇူလိုင် ၁၄ ရက်တွင် တိုင်ကြားစာပေးပို့ခဲ့ကြောင်း၊ အစည်းအရုံးမှ ကျေလည်အောင် မဖြေရှင်းပေးနိုင်သဖြင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းရခြင်းဖြစ်ကြောင်း ၎င်းက News Watch သို့ ပြောကြားသည်။
“ဒို့ စာရေးဆရာတွေကို ဦးနှောက်ဖောက်စားနေတာ အကြိမ်ပေါင်းများပြီ။ ရုပ်ရှင်နဲ့ဗီဒီယိုလောကသားတွေ ကိုယ်ပိုင် အရည်အသွေးနဲ့ လုပ်ကြဖို့လိုတယ်။ ဒီလို ခွင့်မတောင်းဘဲ မရိုးမသားလုပ်လို့မိခဲ့လို့ရှိရင်လည်း ထိုက်သင့်တဲ့အနုပညာကြေး အလိုက်တသိပေးဖို့ ဒီလို သတင်းစားရှင်းလင်းပွဲလုပ်ရတာဖြစ်တယ်”ဟု ၎င်းက ပြောသည်။
စာရေးဆရာ သန်းထိုက်လူသည် ယနေ့ခေတ်လူငယ်များအကြား ဖေ့စ်ဘုတ် အလွန်အကျွံသုံးစွဲနေမှုနှင့်ပတ်သက်၍ သရော်ထားသည့် ဇာတ်လမ်းတပုဒ်ကို ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဦးဖုန်းမော်ထံ ပေးအပ်ခဲ့ကြောင်း၊ ဦးဖုန်းမော်က သင်္ကြန်အပြီးတွင် ဇာတ်လမ်းကို ကြိုက်နှစ်သက်၍ ၀ယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း၊ မင်းသားရွေးချယ်ရန်နှင့် အနုပညာကြေး မည်မျှချီးမြှင့်ရမည်နည်းဟု မေးမြန်းခဲ့ကြောင်း၊ သို့သော် ဧပြီလ နောက်ဆုံးပတ်တွင် ၎င်း၏ ဇာတ်လမ်းနှင့် ဇာတ်လမ်းကျောရိုးတူသည့် ရုပ်ရှင်ကားတကား ဆင်ဆာတင်ထားသဖြင့် ၀ယ်ယူနိုင်မည်မဟုတ်တော့ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
''သူ့ဇာတ်လမ်းကို ကျွန်တော် ကြိုက်ပါတယ်။ ကြိုက်လို့လည်း ဘယ်လောက်ပေးပြီး ၀ယ်ရမလဲလို့ မေးခဲ့ပါ တယ်။ ဒါပေမဲ့ သူ့ဘက်က ပေးချင်သလောက်ပေးလို့ ပြောတယ်။ ကျွန်တော့်မှာရှိတဲ့ မင်းသားက နယ်ကြိုက်မင်းသား၊ သူ့ဇာတ်လမ်းနဲ့ အန်မ၀င်ဘူး။ ပြီးတော့ ဇာတ်လမ်းနဲ့လိုက်မယ့် ဒါရိုက်တာကိုလည်း ရွေးရဦးမယ်။ အဲဒီလိုကြာနေတုန်းမှာ ဧပြီ ၂၂ ရက်မှာ နောက်တယောက်က ဖေ့စ်ဘုတ်ရွာဇာတ်လမ်းကို လာတင်တယ်။ ရိုက်ကူးခွင့်ကို ၂၇ ရက်နေ့မှာချပေးလိုက်တယ်လို့ သိရတယ်။ ကျွန်တော်တို့လည်း ရုပ်ရှင်သမားဖြစ်တဲ့အတွက် ရုပ်ရှင်ကို ဦးစားပေးလိုက်တဲ့ သဘောပဲ။ တခြား ဘာရည်ရွယ်ချက်မှ မရှိဘူး''ဟု ဦးဖုန်းမော်က ပြောကြားသည်။
ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားတွင် ကျော်ရဲအောင်၊ လူမင်း၊ သူရိယ၊ ခိုင်သင်း ကြည်၊ မြတ်ကေသီအောင်၊ ယုသန္တာတင်၊ ဆုအိမ့်စံနှင့် အနုပညာရှင်များ ပါဝင်ကာ ဇူလိုင် ၈ ရက်မှစတင်ကာ ရန်ကုန်မြို့နှင့် နိုင်ငံတ၀န်းရှိ ရုပ်ရှင်ရုံများတွင် ပြသခဲ့သည်။

Loading...