Breaking News

ချောက်မြို့အနောက်ဘက်တွင်ဗဟိုပြုလှုပ်ခဲ့သည့် ငလျင်ကြီးကြောင့်လေးဦးသေဆုံးကြောင်း ကနဦးသတင်းရ



Loading...

မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့အနောက်ဘက်ဘက် ၂၅ ကီလိုမီတာ အကွာ၊မြေထု အနက် ၈၄ ကီလိုမီတာတွင် သြဂုတ်လ ၂၄ ရက်၊ညနေ ၅ နာရီ ၅ မိနစ်ခန့်အချိန်က အင်အားရစ်(ခ်) တာ စကေး ၆ ဒသမ ၈ အဆင့်ပြင်းအားရှိ ငလျင်လှုပ် ခတ်ခဲ့သည့် အတွက် လူလေးဦးသေဆုံးသည့်ကနဦးသတင်းကို ရရှိထားကြောင်းလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ပြည်မြန်မာသို့ ယနေ့ည ၇ နာရီ ကျော်အချိန်က ပြောသည်။
"မင်းဘူးပွင့်ဖြူပုဂံ၊ညောင်ဦး၊စလင်းစတဲ့ မြို့တွေမှာ ရှေးဟောင်းဘုရား ပုထိုးစေတီတွေ ၆၀ ကျော် ပျက်စီးခဲ့တယ်၊ညောင်ဦး စာရင်းကိုတော့ မ ရသေးဘူး၊ပခုက္ကူ မှာ(၂) ဦးသေတယ်၊ ရေနံချောင်းမှာ (၂) ဦးသေတယ်၊ထိခိုက်ဒဏ်ရာရ လို့ ဆေးရုံတင်ရတဲ့ သူတွေ ရှိတယ် ဒါပေမဲ့စာရင်းမရသေးဘူး"ဟု ယင်းက ပြောသည်။
အဆိုပါ ငလျင်ကို ယင်းမာပင်နှင့်မုံရွာတို့တွင်တစ်မိနစ်ကျော် ခံစားခဲ့ရသည့်အပြင် မြန်မာနိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၌ အဓိက ခံစားခဲ့ရကြောင်း၊ယင်းသို့ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့်နောက် ဆက်တွဲငလျင်များထပ်မံဖြစ်ပေါ် တတ်ကြောင်းမြန်မာနိုင် ငံ မြေငလျင် ကော် မတီ အထွေထွေအတွင်းရေးမှုးဦးမျိုးသန့်ကပြောသည်။
"အနားမှာ ကဘော် ပြတ်ရွေ့ကြောင်းနဲ့နီးတယ်၊မြန်မာနိုင်ငံမြေထုအောက် ထိုးဝင်နေတဲ့အိန္ဒိယမြေလွှာကြောင့် လည်းဖြစ်နိုင်တယ်၊နောက်ဆက်တွဲ ငလျင်တွေက လာမည့် တစ်လခွဲ နဲ့ နှစ်လ အတွင်းမှာ အင်အားရစ်(ခ်) တာ စကေး ၅ ဒသမ ၅ ၀န်းကျင်အဆင့်ရှိတဲ့ ငလျင်တွေ လှုပ်နိုင်ပါသေးတယ်"ဟု ယင်းက ဆိုသည်။


ထိခိုက်ပျက်စီးမှုများမှာပုဂံဒေသရှိ ဓမ္မရံကြီး၊၊ ထီးလိုမင်းလို ၊လောကနန္ဒာဘုရား၊ အာနန္ဒာ၊ သဗ္ဗေညု၊ ဓမ္မရံကြီး၊ ဂူပြောက်ငယ် ဘုရား၊ ရွှေကူဘုရားဝန်းအတွင်း နဂါးရုံဘုရားအရှေ့ဘက် စေတီတော်၊ စူဠာမဏိစေတီတော်၊ရွှေလိပ်တူးဘုရား၊နက်မောက်မြို့နယ် ရွာမွန်အုပ်စု ကျောင်းရွာလေးရွာစေတီ၊စေတနာကြီးဘုရားစသည်တို့ အပါအဝင် ကျန်ဘုရားပုထိုးများလည်း ထီးတော်မြေခမှု၊ အနည်းငယ် ပျက်စီးမှုများရှိပြီးတောင်တွင်းကြီး နှစ် ၁၅၀ကျော် ရဟန်းမနေဘုန်းကြီးကျောင်း၊မကွေး သိင်္ဂါရပ်ကွက် ရွှေပြည်စိုး ဆီစက်ဟောင်းတို့လည်း ပြိုကျကာ အဆိုးရွားဆုံးမှာ စူဠာမဏိစေတီတော် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေငလျင်သည်ရန်ကုန်၊မန္တလေး၊နေပြည်တော်၊ပျဉ်းမနား၊ပြည်၊ပေါင်းတည်၊သာယာဝတီ၊တောင်ငူ၊မြင်းခြံ၊တန့်ဆည်၊ဆိပ်ဖြူ၊ပခုက္ကူ၊ရေနံချောင်း၊ချောက်၊မကွေး၊မြစ်သား၊ကျောက်ပန်းတောင်း၊ပျော်ဘွယ်၊တောင်တွင်းကြီး၊ဆင်ဖြူကျွန်း၊ပုလဲ၊စလင်း၊မုံရွာ၊ချောင်းဦး၊သာစည်၊ပွင့်ဖြူ၊ပြင်ဦးလွင်၊မိုးကုတ်၊ရမည်းသင်း၊မင်းဘူး၊ရွှေဘို၊မိတ္ထီလာ၊တောင်ကြီး၊ဟင်္သာတ၊ပုသိမ်၊ဖျာပုံ၊မြောက်ဦး၊စစ်တွေ၊ကျောက်ဖြူ၊တောင်ကုတ်စသည့်မြို့များတို့၌လည်း လှုပ်ခတ်ခဲ့ပြီး မြောက်ဦးမြို့နယ်အတွင်းရတနာမာန်အောင် စေတီတော် မြေခပျက်စီးခဲ့ရကြောင်း သိရသည်။
Photo By Myanmar Fire Services Department

Loading...