Breaking News


ကလေးဝမြို့နယ်တွင် မြေလွှာပြတ်ရွေ့မှု ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်အချို့ ပြောင်းရွှေ့ထားရ


Loading...



စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၊ ချောင်းကျဉ်းရွာအနီး ကလေးဝ - ကလေး ကားလမ်းပိုင်းနှင့် အနီးဝန်းကျင်၌ သြဂုတ် ၁၀ ရက် နံနက် ၅း၀၀ နာရီခန့်က မြေလွှာပြတ်ရွေ့မှု ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်အချို့ ပြောင်းရွှေ့ထားရကြောင်း သိရှိရသည်။
မြေလွှာပြတ်ရွေ့မှုသည် ကလေးဝမြို့မှ ခြောက်မိုင်နှင့် လေဖားလုံကွာဝေးသည့် ကလေးမြို့ကြားရှိ ကတ္တရာကား လမ်းသည် ကန့်လန့်ဖြတ်အက်ကွဲကြောင်းများဖြစ်ခဲ့ခြင်း၊ အဆိုးဆုံးနေရာမှာ လေးပေ အနက်အထိ ပြတ်ရွေ့မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ကားလမ်းက အိကျပြီး အချို့နေရာတွေမှာ အက်ကွဲကြောင်းတွေဖြစ်နေပါတယ်။ ၀ိတ်များတဲ့ ကားကြီးတွေ ဖြတ်သွားရင်ပိုကျွံကျပြီး ကားလေးတွေပါဖြတ်မရမှာစိုးတဲ့အတွက် ၁၂ ဘီးကားတွေကိုတော့ဖြတ်သန်းခွင့် ပိတ်ထားပါတယ်။ ခြောက်ဘီးကား အထိတော့ဖြတ်လို့ရပါတယ်။ ကားလေးတွေသွားလို့ရအောင် အက်ကွဲတဲ့ နေရာတွေကို အခုချက်ချင်း ပြုပြင်နေကြပါပြီ”ဟု ကလေးခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးသန့်ဇင်ထက်က ပြောသည်။
အဆိုပါ ပြတ်ရွေ့မှုသည် ကားလမ်းဘေးရှိ ချောင်းကျဉ်းရွာ လူနေအိမ်ဝင်းအတွင်းထိ မြေသား အက်ကွဲကြောင်း များ ဖြစ်ပွားခဲ့ပြီး လူနေအိမ်ဝင်းအတွင်း အက်ကြောင်းများ ဖြစ်ပေါ်လာသည့် အိမ်ခြောက်လုံးနှင့်အချို့နေအိမ်များမှာ ပြောင်းရွှေ့နေရကြောင်း သိရသည်။
“ဒီနေ့ မနက်အိပ်ရာထချိန်မှ အိမ်ဝင်းထဲက မြေသားတွေ အက်ကွဲနေတာကို သိရပါတယ်။ အဲဒါကြောက်လို့ အခုအိမ်ကို ဖျက်ပြီး ရွှေ့နေတယ်။ ပစ္စည်းတွေကိုတော့ လောလောဆယ် စာသင်ကျောင်းမှာရွှေ့ထားတယ်။ အိမ်ပြောင်းရွှေ့ဆောက်ဖို့နေစရာကတော့ ဘယ်မှာနေရမှန်းမသိသေးပါဘူး”ဟု ချောင်းကျဉ်းရွာမှ
ဒေါ်မြသန်းက ပြောသည်။
ချောင်းကျဉ်းရွာအနီးရှိ ကလေးဝ-ကလေးလမ်းပိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ခန့်က ငလျင်ကြီး လှုပ်ခဲ့ခြင်းကြောင့် ပြတ်ရွေ့ခဲ့သည့် မြေသားများပေါ်တွင် ကားလမ်းဖောက် လုပ်ထားခြင်းဖြစ်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် ကားလမ်းကို ကောင်းမွန်အောင်ဆောင်ရွက်ပေးသော်လည်း ကားလမ်း မြေသားများမှာ ခိုင်မာသည့် မြေသားများ မဟုတ်ဟု သစ်ချောက်ရွာမှ အသက်ခြောက်ဆယ်အရွယ် ဒေသခံ ဒေါ်ကြွေက ပြောသည်။
ကလေးဝ-ကလေး ကားလမ်းသည် မြစ်သာမြစ် အနောက်ဘက်ကမ်းနှင့်အပြိုင် ဖောက်လုပ်ထားပြီး ၂၄ မိုင်ခန့်
ရှည်လျားကြောင်း၊ ကလေးခရိုင်လမ်းဦးစီးဌာနအနေဖြင့် ကလေးဝ-ကလေးကားလမ်းပိုင်းသည် မြစ်သာမြစ် ကမ်းပါးပြိုခြင်း၊ မြေလွှာပြတ်ရွေ့မှုကြောင့် ပျက်စီးခဲ့ပါက အခြားလမ်းကြောင်း သစ်တစ်ခုကို အသုံးပြုနိုင်ရန် ကြိုတင်ရှာဖွေလျက်ရှိကြောင်း ကလေးခရိုင် လမ်းဦးစီးဌာနမှ သိရသည်။
MMK
The Ladies News
Loading...