အင်တာနက်တခွင် အုန်းအုန်းထသွားတဲ့ ဓါတ်ပုံတပုံရဲ့ ဖြစ်တည်မှု

_________________________________________________________




အသက်ရှုချိန်မရအောင် အသည်းအသန်ပြေးရသည့် မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ပန်းမ၀င်ခင် ပြုံးပြနိုင်သည့်အထိ နှာတဖျား သိသိသာသာ သာနေသည့် ဂျာမေကန်အပြေးသမားယူစိန်ဘို့၏ ဓါတ်ပုံသည် ယခုရက်ပိုင်းအတွင်း အင်တာနက်နှင့် လူမှုကွန်ရက်ပေါ်တွင် လူကြည့်အများဆုံးပုံတပုံဖြစ်သည်။

ယင်းပုံကို Getty Images အေဂျင်စီမှ ကင်မရွန်စပင်ဆာ (Cameron Spencer) ဆိုသည့် ဓါတ်ပုံဆရာက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၆ အိုလံပစ်ပွဲ၏ န၀မမြောက်နေ့ သြဂုတ် ၁၄ ရက်ကကျင်းပသော အမျိုးသားမီတာ ၁၀၀ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

သြစတြေလျနိုင်ငံ ဆစ်ဒနီအခြေစိုက် ဓါတ်ပုံဆရာကင်မရွန်စပင်ဆာသည် ထိုနေ့က ၎င်းကွင်းအတွင်း၌ပင် ကျင်းပသည့် အမြင့်ခုန်ပြိုင်ပွဲကို မှတ်တမ်းတင်နေစဉ် ယူစိန်ဘို့ပါဝင်သည့် မီတာ ၁၀၀ အပြေးပြိုင်ပွဲ စတင်တော့မည်ဖြစ်သဖြင့် ထိုပွဲကိုရိုက်ကူးရန် စိတ်ဆုံးဖြတ်ခဲ့သည်။ ကင်မရွန်သည် ပြေးလမ်း၏မီတာ ၇၀ အမှတ်အနီးတွင် နေရာယူခဲ့ပြီး ၎င်း၏ကင်မရာမှာ Cannon 1D x Mark II ဖြစ်ကာ 70-200 mm မှန်ဘီလူးကို 135 mm တွင် ချိန်ရွယ်ထားခဲ့သည်။ လှုပ်ရှားမှုကိုအမိဖမ်းရန် Shutter Speed ကို 1/40thတွင် ထားရှိခဲ့သည်။

“Remote နဲ့ရိုက်တဲ့ ကင်မရာကသုံးလုံး၊ လက်ထဲမှာတလုံး။ အဲဒီတော့ သူပြေးနေတဲ့အချိန်မှာ ကျွန်တော်က ကင်မရာလေးလုံးနဲ့ ရိုက်နေတာပေါ့။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ မထင်မှတ်တာဖြစ်လာတယ်”ဟု ၎င်းက ပြောသည်။

ကျန်အပြေးသမားများကပြေးပွဲတွင် အာရုံစိုက်နေချိန် ယူစိန်ဘို့က မျက်နှာကိုဘေးဘက်သို့လှည့်၍ သွားဖြဲပြုံးပြနေပုံကို တွေ့မြင်ခဲ့ရသည်။

“သူကနောက်ပြန်လှည့်ကြည့်ရလောက်တဲ့အထိ ရှေ့ရောက်နေတယ်။ သူနဲ့တခြားအပြေးသမားတွေ ဘယ်လောက် ကွာသလဲလှည့်ကြည့်တာလို့ ကျွန်တော်ထင်တယ်။ အဲဒီမှာသူပြုံးတဲ့အချိန် ကျွန်တော်အမိအရ ရိုက်လိုက်တယ်။ ကျွန်တော်ကမတ်တပ်ရပ်နေပေမယ့် သူ့ရွေ့လျားမှုအတိုင်း လိုက်ရိုက်တာဆိုတော့ ကျွန်တော့် ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ လည်နေတာပေါ့။ ကျွန်တော့်ရှေ့က ဖြတ်ပြေးသွားတာ လှစ်ကနဲပဲ။ ပုံတွေ ဘယ်လိုရှိသလဲပြန်ကြည့်တော့ ကံကောင်းထောက်မစွာပဲ ကြည်လင်ပြတ်သားတဲ့ ပုံအချို့ရလိုက်တယ်။ ပြန်ကြည့်တော့မှ ယူစိန်ဘို့ ပြေးနေတုန်းပြုံးတာကို ရလိုက်တယ်။ သူ့အပေါ်မှာ Focus လည်း ပြတ်တယ်ဆိုတာ တွေ့လိုက်ရတယ်”ဟု ၎င်းက ပြောသည်။

ယင်းနောက် ၎င်း၏ memory ကတ်များကို အယ်ဒီတာများထံ ပေးအပ်ခဲ့ပြီးအမြင့်ခုန်ပွဲများဆီ ပြန်လည်ဦးလှည့်ခဲ့သည်ဟုဆိုသည်။
သြဂုတ် ၁၅ ရက်နေ့ မီတာ ၁၀၀ ဖိုင်နယ်ပွဲတွင် ယူစိန်ဘို့ အနိုင်ရရှိခဲ့ချိန်တွင် အဆိုပါဓါတ်ပုံသည် အင်တာနက်ပေါ်တွင် အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေပြီဖြစ်သည်။

“ဓါတ်ပုံပညာကို နားလည်သူတွေကတော့ ဒီလိုပုံရဖို့ခက်တယ်ဆိုတာ သိကြတယ်။ ယူစိန်ဘို့ပရိသတ်တွေအတွက်တော့ ဒါဟာသူ့ရဲ့အထူးခြားဆုံးမျက်နှာပေးလို့ ဆိုကြတယ်။ ခုလိုဓါတ်ပုံရဲ့တန်ဖိုးပေါ်မူတည်ပြီးပျံ့နှံ့သွားတော့ ကြိုးစားရကျိုးနပ်တာပေါ့”ဟု ၎င်းက ပြောသည်။

Ref;Time
Newswatch စောင့်ကြည့်သတင်းဂျာနယ်
Loading...