လေးလောင်းပြိုင် တရားခံမဖမ်းဆီးနိုင်သေး၍ ဝေဖန်မှုများကြုံ

_________________________________________________________


 လူသတ်မှုကျူးလွန်သူမှာ ကြေးစားလူသတ်သမား လောကတွင် နာမည်ကျော် ဖြစ်နိုင်


မြန်မာတစ်နိုင်ငံလုံး တုန်လှုပ် ချောက်ချားစေသော မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်တွင် ဖြစ်ပွား ခဲ့သည့် ရဲအရာရှိဟောင်းနှင့်၎င်း၏ မိသားစုဝင်များ အသတ်ခံရသည့် လေးလောင်းပြိုင် လူသတ်မှုသည် ၁၀ရက် ကြာသည့်တိုင်

တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ အစိုးရသစ် လက်ထက်တွင် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်ကာ အဆိုးရွားဆုံး လူသတ်မှုတစ်ခု ဖြစ်၍ ပြည်သူများက ပြစ်မှုကျူးလွန်သူအား အမြန်ဖော်ထုတ်အရေးယူ
ပေးစေလိုကြသည်။


ရန်ကုန်မြို့တွင် ၂၀၀၈ မတ်လက ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင် လူသတ်မှုကို မဖော်ထုတ် နိုင်ခဲ့သော်လည်း ပြည်သူများက ရွေးချယ် တင်မြှောက်ထားသော ပြည်သူ့အစိုးရ လက်ထက်တွင် ရဲတပ်ဖွဲ့က အစွမ်းပြ၍ တရားခံများ
ဖော်ထုတ်အရေးယူရန် ပြည်သူများ မျှော်လင့်နေကြသည်။ သို့သော် ယခုချိန်ထိ ပြည်သူ့ဆန္ဒမပြည့်ဝခဲ့ပေ။
ထို့အပြင် လေးလောင်းပြိုင် လူသတ်မှုတွင် တရားခံပေါ်ပေါက်ရေး ကြိုးပမ်းနေသော ရဲတပ်ဖွဲ့၌ အားနည်းချက်၊ လစ်ဟာချက်များစွာ ရှိနေကြောင်း မှုခင်းရေးရာ ကျွမ်းကျင်သူ များဖြစ်သည့် အငြိမ်း စားရဲအရာရှိအချို့၊၀ါရင့်ရှေ့နေ များနှင့် အငြိမ်းစားတရားသူကြီးအချို့က မှတ်ချက်ပြုသည်။


သြဂုတ် ၂၀ ရက်နံနက်က လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သော နေအိမ်ရှေ့နှင့် အနီးတစ်ဝိုက်တွင် သြဂုတ် ၂၅ ရက် နံနက်က ရဲတပ်ဖွဲ့ဝင်များက သက်သေခံပစ္စည်း လာရောက် ရှာဖွေခဲ့သော်လည်း သဲလွန်စမရ
ခဲ့ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုးဝင်းက ပြောသည်။
လူသတ်မှု ဖြစ်ပွားပြီး ငါးရက်မြောက်နေ့တွင်မှ နေအိမ်အနီးဝန်းကျင်၌ သဲလွန်စ ရှာဖွေခြင်းသည် အမှုအတွက် လိုအပ်သည့် အရေးကြီး သက်သေပစ္စည်းများ ရရှိရန် မလွယ်ကူ တော့ကြောင်းနှင့် အမှုလိုက်သည့်ရဲအရာရှိများ
အားနည်းချက်များစွာ ရှိကြောင်း အငြိမ်းစား ရဲအရာရှိတစ်ဦးက ပြောသည်။


‘‘အမှု စဖြစ်တဲ့ နေ့မှာကတည်းက သဲလွန်စတွေ အကုန်ရှာထားရမယ်။ အိမ်ပတ်ဝန်းကျင်ကို ငါးရက်ကြာမှ ရှာရအောင် တရားခံမိပြီး ပစ္စည်းသွားသိမ်းတာ မဟုတ်ဘူး။ အမှုဖြစ်တဲ့ နေအိမ်ကိုလည်း ဘယ်သူမှ ဝင်ထွက်ခွင့်
မပေးဘဲ စီအိုင်ဒီနဲ့ မှုခင်းဌာနက သူတွေ သေချာစစ်ဆေးပြီးမှ ကျန်တာတွေလုပ်သင့်တယ်’’ဟု ၎င်းက ပြောသည်။
လသာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်အမှု၌ ရဲအရာရှိများ သေချာစစ်ဆေး ခဲ့သည့်အတွက် အမှုမှန်ပေါ်ပေါက်ခဲ့ပြီး တရားခံဖမ်းဆီး ရမိခဲ့သည်ဟု ရဲအရာရှိကြီးတစ်ဦးက ဥပမာပေး ပြောသည်။
‘‘အဲဒီအမှုတုန်းကလည်း တရားခံက ‘‘ငါ့နှမကို ကျောရအောင် ကျန်တဲ့ကောင်ကို ကလဲ့စားချေမယ်’’ဆိုပြီး ရေးခဲ့တယ်။ ဒါ အမှုလမ်းကြောင်းလွဲအောင် လုပ်ခဲ့ပေမယ့် ခြေရာလက်ရာတွေ ကျန်ခဲ့တယ်။ ဒါကို ပေါ်အောင်
ဖော်ထုတ်နိုင်လို့မိတာ။ ဒီအမှုမှာတော့ ဒါမျိုးတွေ မကြားရဘူး’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
လေးလောင်းပြိုင် မိသားစုလိုက် အသတ်ခံရမှုတွင် အခင်းဖြစ် ပွားသည့်နေ့ကတည်းက နေအိမ်သန့်ရှင်းရေးကို နာရီပိုင်းအတွင်း ပြုလုပ်ခဲ့ပြီး သုံးရက်မြောက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့သည့် အပေါ်ကိုလည်း ရဲတပ်ဖွဲ့လုပ်ထုံး
လုပ်နည်း အရ ဟာကွက်များ ရှိနေကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ထောက်ပြခဲ့သည်။
‘‘အခုလို ထူးဆန်းတဲ့ အမှုမျိုး တွေဖြစ်ပြီဆို ရဲတပ်ဖွဲ့က စည်းတားပြီး ဘယ်သူ့ကိုမှ မဝင်ခိုင်းဘဲ သက်ဆိုင်ရာက ပြည့်စုံတဲ့ စစ်ဆေးမှုတွေ လုပ်ပြီးမှ သန့်ရှင်းတာတို့၊ ဘာတို့လုပ်သင့်တယ်။ အခုက ဖြစ်ပြီး မကြာဘူးရေဆေး ချလိုက်တော့ ခြေရာလက်ရာတွေ ပျောက်ကုန်တာပေါ့။ အမှန်ဆို ဖြစ်ဖြစ်ချင်း ကတည်းက ချိပ်ပိတ်ပြီး စစ်ဆေးသင့်တယ်’’ဟု ဦးရောဘတ်စန်းအောင်က ထောက်ပြခဲ့သည်။
လူသတ်မှု ဖြစ်ပွားခဲ့သည့် အဆိုပါ နေအိမ်သို့ ရဲဝန်ထမ်းများ ရောက်ရှိ စစ်ဆေးပြီးနောက် အိမ်သန့်ရှင်းရေးကို နေ့လယ် ၁၂ နာရီ ကျော်တွင် ပြုလုပ်ခဲ့သည့် အတွက် သဲလွန်စ ပြန်လည် ရှာဖွေရာတွင် ရရှိရန် ခက်ခဲခဲ့ခြင်း
ဖြစ်သည်။
လေးလောင်းပြိုင်လူသတ်မှု နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုတွင် အားနည်းမှု အများအပြားရှိနေပြီး အမှုမှန် ပေါ်ပေါက်စေရန် လုပ်ဆောင်နေသည့် လုပ်ငန်းအချို့မှာ ပြည်သူလူထုကအထင်လွဲမှား
စေနိုင်ကြောင်း တရားလွှတ်တော်ရှေ့ နေ ဦးမောင်မောင်ကြီးက ပြောသည်။
‘‘လူသတ်သမားပုံတွေ ဘယ်ကနေ အရင်ထွက်လာတာလဲ။ နောက်ပြီး ဒီပုံတွေ မဟုတ်သေးပါဘူး ဆိုပြီး ပြောတယ်။ နောက်တော့ဒီပုံထဲက သူတွေ တွေ့ရင် အကြောင်းကြားပေးဖို့ သတင်းပြန် ထုတ်တယ်။ အချိန်အားဖြင့်
ကြည့်ရင် ကိုးရက်ကြာတယ်။ ဒီတော့ ပြစ်မှုကျူးလွန်သူတွေ ဘယ်နေရာ သွားသွား အေးဆေးသွားဖို့ အချိန် ရတယ်
’’ဟု ဦးမောင်မောင်ကြီးက ဆက်လက်ပြောသည်။
အခင်းဖြစ်ပွားပြီး တစ်ပတ်ကျော်ကြာမြင့် လာသည်အထိ ရဲတပ်ဖွဲ့က ခြေရာလက်ရာတစ်စုံ တစ်ရာ မရရှိခြင်းမှာ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များ စနစ်တကျ မရှိကြောင်း သေဆုံးသူ အမျိုးသမီး ဖုန်းအတွင်းမှ မသင်္ကာသူ
လူသုံးဦး၏ဓာတ်ပုံမှာ နာရီပိုင်းအတွင်း အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့မှုအပေါ် ရဲတပ်ဖွဲ့ က စုံစမ်းကာ အရေးယူသင့် ကြောင်း ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောကြားသည်။
အခင်းမဖြစ်မီ သေဆုံးသူ အမျိုးသမီး ဖုန်းနှင့်ရိုက်ထားသည့် မသင်္ကာဖွယ်ရာ လူသုံးဦးဓာတ်ပုံမှာလည်း အွန်လိုင်းပေါ်သို့ ပျံ့နှံ့သည်မှာ အလွန်စောပြီး အဆိုပါ ဓာတ်ပုံအတွင်းမှ လူသုံးဦးသာ တရားခံ အစစ်ဖြစ်ပါကလုံခြုံစွာ
ပုန်းခိုရန် သတိပေးသကဲ့သို့ ဖြစ်သွားကြောင်း အငြိမ်းစားတရားသူကြီးက ပြောသည်။
‘‘ဓာတ်ပုံကိစ္စက ကောင်းတဲ့ဘက်က ကြည့်ရင်တော့ ဒီလူသုံးယောက်ကို ပြည်သူတွေက တွေ့ရင် ရဲတပ်ဖွဲ့ကို သတင်းပေး အကြောင်းကြားနိုင်တာပေါ့။ ဒါပေမဲ့ သူတို့ကို သတိပေးသလိုလည်း ဖြစ်သွားတယ်။ မင်္ဂလာဒုံ
ကိစ္စက ဝိုင်းသွားကြောင်း အငြိမ်းစားတရားသူကြီးက ပြောသည်။
‘‘ဓာတ်ပုံကိစ္စက ကောင်းတဲ့ဘက်က ကြည့်ရင်တော့ ဒီလူသုံးယောက်ကို ပြည်သူတွေက တွေ့ရင် ရဲတပ်ဖွဲ့ကို သတင်းပေး အကြောင်းကြား နိုင်တာပေါ့။ ဒါပေမဲ့ သူတို့ကို သတိပေးသလိုလည်း ဖြစ်သွားတယ်။ မင်္ဂလာဒုံ
ကိစ္စက ဝိုင်းကူညီရမယ့် ကိစ္စပါ။ ရဲတွေကိုပဲ အပြစ်ပုံ မချစေချင်ဘူး။ သူတို့လည်း ကြိုးစားမှာပဲ။ ပြည်သူတွေ ဘက်ကလည်း ကိုယ်သိတာ၊ တွေ့တာတွေကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်’’ ဟု ၎င်းက
ထောက်ပြသည်။
လူသတ်မှုဖြစ်ပြီး ၁၀ ရက်ခန့် ကြာမြင့် လာသည်အထိ တရားခံ မဖော်ထုတ်နိုင်ခြင်း အပေါ် ရဲတပ်ဖွဲ့၏ စွမ်းရည်များ ကျဆင်းလာပြီ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များကို ပြည်ပနိုင်ငံကြီးများသို့ သွားရောက် လေ့လာနိုင်ရန် အစိုးရက
စီစဉ်ပေးသင့်ကြောင်း ဦးရောဘတ်စန်းအောင်က အကြံပြုသည်။
‘‘တူမောရိုးမှာ ဖြေထားတဲ့ ရဲအရာရှိ ဆိုတာကလည်း သေဆုံးသူ စိုးနောင်က သူကိုယ်တိုင်မိသားစု ကိုသတ်ပြီး သူ့ကိုယ်သူ သတ်သေတယ် ဆိုတော့ ဘယ်အချက်နဲ့ သူ့ ကိုယ်သူ သတ်သေတယ်လို့ ပြောမလဲ။ ရဲတစ်ယောက်
အနေနဲ့ ဒါမပြောသင့်ဘူး။ အဲဒီအမှု ကိုင်တွယ်တဲ့ အထဲမှာ ပါတဲ့သူဆို ပိုတောင် မပြောသင့်ဘူး။ အဲဒီလို ပြောတော့ သူတို့ကပါ ဝင်ပြီး အာရုံလွှဲသလို ဖြစ်နေတယ်’’ဟု ဦးရောဘတ်စန်းအောင်က ဆက်လက် ပြောသည်။
ထို့ကြောင့် ထိုကဲ့သို့ ဖြေသော ရဲကိုပင် စုံစမ်း အရေးယူသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အမှုဖြစ်ပွားသည့်နေ့တွင် နေအိမ်အတွင်း သေဆုံးသူများသာ ရှိခဲ့ပြီး အိမ်၌ ခြေရာလက်ရာ ပျက်စီးမှု မရှိသဖြင့် လူသတ်မှုကျူးလွန်သူမှာ ကြေးစားလူသတ်သမား လောကတွင် နာမည်ကျော် ဖြစ်နိုင်ပြီး အမှုလိုက်ရဲအရာရှိများ
အနေဖြင့် အဆိုပါအချက်ကို သိသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ကြီးက ထောက်ပြသည်။
မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုသည် ပြည်သူများ၏ အေးချမ်းသာယာရေးကို စိန်ခေါ်သကဲ့သို့ ဖြစ်နေပြီး ရဲလုပ်ငန်းစဉ်နှင့် ယင်း အမှုကိစ္စကို လမ်းလွှဲခြင်းမျိုး မဖြစ်စေရန် လေ့လာ
စောင့်ကြည့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောကြားသည်။
‘‘ဒီကိစ္စက အစိုးရသစ် လက်ထက်မှာ ပထမဆုံး ဖြစ်သွားတာပေါ့။ ပြည်သူတွေရဲ့အေးချမ်းသာယာရေးကို စိန်ခေါ်သလို ဖြစ်နေတယ်။ လွှတ်တော်က အထူးစိတ်ဝင်စားနေတယ်။ စိတ်လည်းမ ကောင်းဘူး’’ဟု ဦးမြင့်လွင်က
ပြောသည်။
လူသတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဝေဖန်ရေးသားမှု အများအပြား ရှိခဲ့ပြီး မမှန်မကန် ရေးသားသူများကို စိစစ်အရေးယူ သွားမည်ဟု ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့က ကြေညာ
ခဲ့သော်လည်း ယနေ့အချိန်ထိ အရေးယူမှု မရှိသေးကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။
ရဲအရာရှိဟောင်း တစ်ဦးကမူ အမှုမှန် ပေါ်ပေါက်ရေး အတွက် ပြည်သူများ၏ အကူအညီလိုကြောင်း ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် မှုခင်းဖြစ်စဉ်များ စုံစမ်းရာ၌ ရဲတပ် ဖွဲ့ဝင်များ အရည်အချင်းပြည့်မီရန် လိုအပ်ပြီး နိုင်ငံမှလည်း ပစ္စည်းကိရိယာ စုံစုံလင်လင် ထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ မင်္ဂလာဒုံ လူသတ်မှုတွင်လည်း
နာရီပိုင်းအတွင်း အိမ်သန့်ရှင်းရေးအား ဆောလျင်စွာ မပြုလုပ်သင့်ကြောင်း အငြိမ်းစား တရားသူကြီးဟောင်းတစ်ဦးက ဆိုသည်။
‘‘ကျွန်တော်ကတော့ ရဲတပ်ဖွဲ့ကို သိပ်ဖိအား မပေးစေချင်ဘူး။ တောင်ကြီးက သုံးလောင်းပြိုင်က တရားခံပေါ်သွားတဲ့အချိန်မှာ ရန်ကုန်ရဲတပ်ဖွဲ့ကလည်း ကြိုးစားမှာပဲ။ အရမ်းကြီး ဖိအားပေးလွန်းရင် ကျွန်တော်စိုးရိမ်တာ
မဆိုင်တဲ့သူတွေကို သွားဖမ်းမှာလည်း စိုးတယ်’’ ဟု ၎င်းက ဆက်လက် ပြောသည်။
‘‘ကမာရွတ်မြို့နယ်မှာ ဖြစ်တဲ့ ငါးလောင်းပြိုင် ကတော့ လူစည် ကားရာမှာဖြစ်ပြီး မပေါ်လို့ အပြောခံရပြီးပြီ။ ဒီအမှုကတော့ ရပ်ကွက် အစွန်ဖြစ်တဲ့ လူသတ်မှုဖြစ်ပြီး စတင်စုံစမ်းတဲ့ ရဲအရာရှိတွေပေါ့ လျော့တယ်လို့ မြင်တယ်။
ရန်ကုန်မြို့မှာ ဒီလိုအမှုတွေ ဖြစ်လာပြီး မပေါ်ရင် ရဲတပ်ဖွဲ့ သိက္ခာ အများကြီးသွားပြီ’’ဟု တရားလွှတ်တော် ရှေ့နေ ဦးမောင်မောင်ကြီးက ပြောလေသည်။
============
7Day News Journal
Loading...