Breaking News

ကုန်ခန်းနေသော တိုင်းပြည်ခွန်အားများ

Loading...
အသက် ၁၃ နှစ် အရွယ် ကျောင်းသူကလေးတစ်ဦး ကိုယ်ဝန်ရခြင်းမှသည် 

လူငယ်ကို ပန်းဖြင့်လည်းကောင်း၊ အညွန့်အဖူးအဖြစ် လည်းကောင်း၊ ထွန်းလင်းတောက်ပမည့် ကြယ်စင်အဖြစ်လည်းကောင်း အမျိုးမျိုးတင်စား ခေါ်ဝေါ်လေ့ရှိသည်။ တိုင်းပြည်၏ အနာဂတ်၊ နိုင်ငံ၏ ခွန်အားဟုလည်း ဆိုကြသည်။

မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်ကလည်း နိုင်ငံတစ်နိုင်ငံရှိ လူငယ်တို့အခန်းကဏ္ဍနှင့် ပတ်သက်၍ ယခုလိုပြောဆိုသည်။
“လူငယ်တွေဟာ တကယ့်ကို တည်ဆောက်ရေးဘက်မှာ အခြေခံအင်အား တစ်ရပ်အနေနဲ့ အဓိကလိုအပ်တယ်”

သို့သော် အဆိုပါနိုင်ငံ၏ ပင်မအင်အား များစွာသည် ရေစီးကြောင်းများတွင် မျောပါ ဆုံးရှုံးနေမှုများ ရှိသည်။

ရေစီးကြောင်းများကလည်း များစွာ။ မူးယစ်ဆေးစီးကြောင်း ပြဿနာသည် လူပြောသူပြော များလွန်းနေပြီဖြစ်သည်။ လောင်းကစားနှင့် အခြားအပျော်အပါး ရေစီးများကလည်း တိုင်းပြည်၏ အနာဂတ် ခွန်အားများဖြစ်သည့် လူငယ်ထုအကြား ကျယ်ပြန့်နေခဲ့သည်မှာ အမှောင်ခေတ်များ ကာလမှသည် ယနေ့အထိ။ 

ယင်းတို့အထဲမှ သာယာမိန်းမူးဖွယ် နောက်ထပ်စီးကြောင်း တစ်ခုကလည်း ရှိနေသေးသည်။ အချစ်ဆိုသည့် ရေစီးကြောင်း။ အဆိုပါရေစီကြောင်းတွင် စီးမျောရင်း ကုန်ခန်းနေသည့် နိုင်ငံ၏ ပင်မခွန်အား များစွာရှိပါသည်။

ပန်းခြံများတွင် တွေ့နိုင်သည်၊ လမ်းမများပေါ်တွင်လည်း တွေ့နိုင်သည်၊ တက္ကသိုလ်နှင့်တစ်ဝိုက်၊ ထို့အပြင် ဘုရားပေါ်၊ ဘတ်စ်ကားပေါ်တွင်လည်း တွေ့နိုင်သည်။
ချစ်သူရည်းစား ထားခြင်းသည် လူငယ်တစ်ဦးအနေနှင့် မဖြစ်မနေ ကြုံတွေ့ ဖြတ်သန်းသွားရမည့် မြို့တစ်မြို့ဟု လူငယ်များအတွက် ပညာပေးစာများ ရေးသားသူ စာရေးဆရာ ကောင်းသန့်က ဆိုသည်။
“လူငယ်တွေနဲ့ အချစ်က ပတ်သက်နေတာပဲ၊ ဒီအချစ်မြို့ကို သူဖြတ်သန်းရတာပဲလေ”

သို့သော် ယင်းမြို့ထဲတွင်သာ အချိန်ကုန်နေမှုများကိုမူ ပြန်လည်သုံးသပ်ရန် လိုမည်ဟု သူကဆိုသည်။

စီးပွားဖြစ်နိုင်သော အချစ်မြို့အကြောင်း ငွေရှင်ကြေးရှင်များက သတိပြုမိလာသည်။ 
လူငယ်လူရွယ်များ စုံစုံညီညီရှိတတ်ရာ နေရာများတွင် ၎င်းတို့၏ လုပ်ငန်းများကို တည်ဆောက်လာကြသည်။ တက္ကသိုလ်များ အနီးတွင် တည်းခိုခန်းများ ဖွင့်လှစ်ခြင်းသည် ဆယ်စုနှစ်တစ်ခုစာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်းမှသည် လတ်တလော အလုံပိတ်အခန်းများ အပြိုင်းအရိုင်း ပေါ်ထွက်လာသည်အထိ။ စားသောက်ဆိုင် အမည်တပ် အလုံပိတ် အခန်းများ။

ရန်ကုန်၊ မန္တလေးမြို့တော်ကြီးများ မှသည် ဟင်္သာတ၊ ပြည်၊ မအူပင်၊ မြစ်ကြီးနားနှင့် တနင်္သာရီတိုင်းဒေသကြီး တို့အထိ ဖွံ့ဖြိုးလာသည့် ယင်းလုပ်ငန်းများကို ထောက်ရှုလျှင် ယင်းရေစီးကြောင်းတွင် မျောပါနေသူများ၏ ပမာဏကို ခန့်မှန်းနိုင်မည် ဖြစ်သည်။
(ယခုတော့ အဆိုပါ အလုံပိတ်အခန်းများ ဖွင့်လှစ်ခြင်းကို သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီဖြစ်သည်။)

အချို့ဆိုလျှင် လူအများသွားလာ နေထိုင်နိုင်သည့် အများပြည်သူဆိုင်ရာ ပန်းခြံများ၊ ဘုရားစေတီများ၊ ယာဉ်များပေါ်တွင်ပင် ရေစီးကြောင်းတွင် မမောနိုင်မပန်းနိုင် ရှက်ရွံ့ရန်မေ့လျော့စွာပင် ကူးခတ် နေတတ်ကြသည်။

“တော်တော်များများ ပြောကြပါတယ်၊ လက်ရှိလူငယ်တွေကို ကြည့်လိုက်ပါ၊ မှန်ပါတယ်၊ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲကြတယ်၊ အပျော်အပါးလိုက်စား ကြတယ်၊ ဂိမ်းဆိုင်တွေမှာပဲ ရှိနေတယ်” ဟု လူငယ်ထုအရေးအတွက် တက်ကြွစွာ ဆောင်ရွက်နေသူ မသဉ္ဇာရွှန်းလဲ့ရည်က ဆိုသည်။

မသဉ္ဇာရွှန်းလဲ့ရည်သည် လူငယ်ကွန်ရက်၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သလို ဇွန်လအတွင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ (လူငယ်ဖိုရမ်) ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက် ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ အပျော်အပါးဘက်တွင်သာ လူငယ်များ စိတ်အားထက်သန် ရှိနေမှုအတွက်လည်း မေးခွန်းများက သူမတွင် ရှိနေသည်။

လက်ရှိလူငယ်များ ယင်းသို့ဖြစ်နေခြင်းသည် အကြောင်းမဲ့မဟုတ်။ အကြောင်းပေါင်းများစွာက တွန်းပို့လိုက်ခြင်းဖြစ်သည်။

“ဆိုတော့ ကျွန်မတို့ ဘာကိုပဲ ပြန်မေးခွန်းထုတ်ရမလဲ ဆိုရင် ပြီးခဲ့တဲ့မျိုးဆက်ပေါ့။ ဒီလူငယ်မတိုင်ခင် မျိုးဆက်က ဒီနောက်လာမယ့် မျိုးဆက်အတွက် ဘယ်လောက်အထိ လုပ်ပေးနိုင်ခဲ့သလဲ” ဟု မသဉ္ဇာရွှန်းလဲ့ရည်က ဆိုသည်။
ပြီးခဲ့သည့် တပ်မတော်အစိုးရများ လက်ထက်အတွင်း နိုင်ငံရေးသိရှိခွင့်ပိတ်ပင်ခံရမှု၊ ပညာရေးစနစ် ပျက်ယွင်းမှု၊ နိုင်ငံတကာနှင့် ကင်းလွတ်ခဲ့မှုများသည် လူငယ်မျိုးဆက်များကို တိုင်းပြည်တည် ဆောက်မှုဆီမှ ကင်းဝေးစေခဲ့ခြင်း ဖြစ်ကြောင်း လူများစွာ၏ ထောက်ပြဝေဖန်မှုများ ရှိနေသည်။ 
တက္ကသိုလ်ကျောင်းများကို မြို့နှင့် အလှမ်းကွာဝေးရာ၊ တောကြိုအုံကြား၊ လယ်ကွင်းများတွင် တည်ဆောက်ခြင်း၊ သင်ကြားသမျှကို အလွတ်ကျက်စေခြင်း၊ သတင်းမီဒီယာများကို ထိန်းချုပ်ခြင်း၊ နိုင်ငံတကာနှင့် အဆက်သွယ်ဖြတ်တောက်ခြင်း တို့ကြောင့် လုံလောက်သည့် အသိပညာနှင့် ဗဟုသုတများကို လူငယ်တို့ ဆုံးရှုံးခဲ့ရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ တက္ကသိုလ်အများစု အနေနှင့် စာသင်ခန်းတွင်း သင်ကြားပို့ချခြင်း ကိုသာ အဓိကပြုလုပ်နေခြင်း ဖြစ်သည်။ သက်ဆိုင်ရာဘာသာရပ်များ အလိုက် စာသင်ခန်းပြင်ပတွင် လေ့လာ စေခြင်း၊ လက်တွေ့လုပ်ဆောင် သင်ယူစေခြင်း စသည့် အခြေအနေမျိုး မရှိခြင်းကလည်း ကျောင်းသူ၊ ကျောင်းသားများ အတွက် အချိန်များစွာ ပိုနေစေသည်။

ပထမနှစ်မှ တတိယနှစ်အထိ ယင်းသို့စာသင်ခန်းတွင် ပို့ချခြင်းသာရှိပြီး နောက်ဆုံးနှစ် ရောက်ချိန်မှသာ စနေ၊ တနင်္ဂနွေလိုနေ့မျိုး များတွင် ဘာသာရပ် အလိုက် ကျောင်းသားများ စုပေါင်းဆွေးနွေး၊ အချို့မှာ နယ်ဒေသများသို့ ခရီးထွက် လေ့လာခြင်းမျိုးများ ပြုလုပ်ရသည်ဟု ဒဂုံတက္ကသိုလ်မှ နောက်ဆုံးနှစ် သင်္ချာကျောင်းသားတစ်ဦးက ပြောဆိုသည်။
“ပေါ့ပေါ့ပါးပါး အနေအထားပဲ ရှိတယ်ခင်ဗျ” ဟု ၎င်းက သူ၏ တက္ကသိုလ် ကျောင်းသားဘဝကို ပြောပြသည်။ “တော်တော်များများတော့ စာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မှာ ဖိအားတော့ မရှိဘူးခင်ဗျ”

ပညာရေးစနစ် ကောင်းမွန်လှသည့် နိုင်ငံတကာကျောင်းများတွင် ထိုသို့မဟုတ်ပေ။ ကျောင်းသားသည် မိမိဘာသာ အချိန်တိုင်းနီးပါး သင်ယူလေ့လာနေရပြီး အခြေခံ ပညာကောင်းရှိခြင်း၊ စူးစမ်းလေ့လာလိုစိတ်နှင့် အပင်ပန်းခံလိုစိတ်ရှိပြီး ဝါသနာကို အရင်းခံကာ သင်ယူကြရခြင်းဖြစ်သည်။
ယင်းအချက်များမရှိပါက တက္ကသိုလ်တွင် ပညာသင်ယူရန် မဖြစ်နိုင်ဟု ပြည်ပတွင် နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာနေထိုင်ခဲ့ပြီး တက္ကသိုလ်များတွင် ပညာသင်ကြားခဲ့သူ ပါမောက္ခ ဒေါက်တာ ခင်နီနီသိန်းက ဆိုသည်။
“တံငါသည်ဆိုရင် ငါးဖမ်းနည်း သင်ပေးတာ။ ဒါပေမဲ့ ဟင်းစားမပေးဘူး၊ ဟင်းစား လုံးဝမပေးဘူး” ဟု ဆရာမက ပြောဆိုသည်။ “အဲဒီတော့ ဟင်းစားမရလို့ရှိရင် ဘာဖြစ်လဲ ဆိုတော့ သေသွားကြတယ်၊ ဒါမှမဟုတ် တက္ကသိုလ်ကနေ ထွက်ပြီးတော့ တခြားဟာလုပ်”

တက္ကသိုလ်များကို မြို့များနှင့်ဝေးရာတွင် တည်ဆောက်ခြင်းကြောင့် ကျောင်းသားများစွာက  စာသင်ခန်းသို့ ရောက်မလာခြင်းမျိုးလည်း ရှိသည်။

“ကျနော်သည် နောက်ဆုံးနှစ်တွင် အားကုန်သွန်လိုက်ရာ B.Tech ဆက်တက်ခွင့်ရသည်။ ဆရာဖြစ်သင်တန်း လျှောက်လိုက်ရာ ကျနော်ပါသွားခဲ့သည်။ နောက်တော့ ကျနော် ဆရာဖြစ်သင်တန်း မတက်ဖြစ်ပါ။ ဒါနှင့် ပိုက်ဆံပေးတက်ရသော သင်တန်းတက်ဖို့ ကြိုးစားသေးသည်။ နောက်တော့ သန်လျင်အထိ ကျနော် အပင်ပန်းခံ ကျောင်းမတက်နိုင်တော့သည်ကို ကြိုသိသဖြင့် ကျောင်းတက်ခြင်းအမှုကို ကျနော်ဖာသာ ရပ်နားလိုက်တော့သည်” ဟု လက်ရှိအချိန်တွင် သတင်းဆရာတစ်ဦးဖြစ်သူ မျိုးသာထက်က ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့သည်။

မပျော်သောစာသင်ကျောင်းသို့ တက်ရောက်စေခြင်းသည်လည်း ကျောင်းသားများကို ဖျက်ဆီးခြင်းလည်းမည်သည် ကို ၎င်း၏ အောက်ပါရေးသားချက်ကို ဖတ်ရှုခြင်းဖြင့် တွေ့မြင်နိုင်ပါသည်။

“သန်လျင်ကျောင်းသည် ကျနော့်ကို အရက်ပိုသောက်တတ်အောင် လေ့ကျင့်ပေးခဲ့သည်” ဟု သူက မုန်းဖို့ကောင်းသည့် သန်လျင်ကျောင်းဆိုဟူသည့် အက်ဆေးတွင် ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

“ကျောင်းသားများ အသက်ငယ်ငယ်နှင့် အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲနိုင်ရန် အခွင့်အရေးပေးသည်။ အသက်ငယ်ငယ်နှင့် လင်ယူသားမွေး လူဦးရေ တိုးစေရန် အားပေးအားမြှောက်ပြုသည်”

ယင်းအပြင် အားကစားလှုပ်ရှားမှုများ အတွက်လည်း အချိန်နှင့် နေရာဖန်တီး မပေးနိုင်ခြင်း များကလည်း အကြောင်းရင်းများတွင် ပါဝင်သည်။

နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်လိုသူ လူငယ်များရှိသော်လည်း ကန့်သတ်ခြင်း၊ ဖိနှိပ်ဖြိုဖျက်ခြင်းများ ရှိခဲ့မှုကလည်း အကြောင်းတစ်ခုဖြစ်သည်။

ပြီးခဲ့သည့်အစိုးရ လက်ထက်အတွင်း ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းမှုကို ခွင့်မပြုခြင်း၊  ကျောင်းသားလှုပ်ရှားမှုများကို ဖြိုခွင်းအရေးယူခဲ့ခြင်းများ ရှိခဲ့သည်။

“ဒါကြောင့်မို့လို့ ဒီလူငယ်တွေဟာ လုပ်နိုင်ခွင့်မသာ တဲ့အခါမှာ မလုပ်တော့ဘဲ စိတ်ဓာတ်ကျသွားတာ မျိုးတွေလည်း အများကြီးရှိပါတယ်” ဟု မသဉ္ဇာရွှန်းလဲ့ရည်က ပြောဆိုသည်။ လူငယ်တွေအနေနှင့် နောက်ဆုံးတွင် ၎င်းတို့ကို သာယာစေသည့်အရာများဘက်သို့ ဦးလှည့်သွားကြခြင်း ဖြစ်ကြောင်း သူကဆိုသည်။

အုပ်စိုးသူအစိုးရများ၏ အာဏာကို တွန်းလှန်ခြင်း မပြုနိုင်စေရန် လူငယ်များကို အဆိုပါရေစီးကြောင်းများ အတွင်းသို့ တမင်တကာပင် တွန်းပို့ခြင်းခံခဲ့ရခြင်း ဖြစ်သည်ဟု ဆရာကောင်းသန့် ယူဆသည်။ 
“လူငယ်တွေ မျိုးချစ်စိတ်ရှိလာမယ်၊ ပညာတွေတတ်လာမယ်၊ သတ္တိတွေရှိလာမယ် ဆိုရင် သူတို့အတွက် စိုးရိမ်စရာ ဖြစ်လာမယ်လေ။ အဲဒီတော့ လူငယ်တွေကို ဘိန်းစားတွေဖြစ်အောင်၊ အရက်သမားတွေ ဖြစ်အောင်၊ ခုနက နှာဘူးတွေဖြစ်အောင် လုပ်ပေးလိုက်တာပဲ” ဟု ၎င်းကဆိုသည်။

ခေတ်ပြောင်း၊ အစိုးရပြောင်းဖြစ် ခဲ့သော်လည်း အဆိုပါလမ်းရေစီးကြောင်းထဲမှ ရုန်းမထွက်နိုင်ကြသေး။

ရန်ကုန်မြို့ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၀ အရွယ် လူငယ်အမျိုးသား တစ်ဦးကတော့ သူ့အနေနှင့် လူငယ်သဘာဝအတိုင်း ရည်းစားနှင့် အချိန်ဖြုန်းမှုသည် ပုံမှန်အလုပ် တစ်ခုဖြစ်သည်ဟု ဆိုသည်။ ရုံးဆင်းချိန် သို့မဟုတ် ရုံးအားရက်များတွင် ဆိုင်အတူထိုင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ပန်းခြံနှင့် တည်းခိုခန်းများသို့ အခါ အားလျော်စွာ သွားရောက်ခြင်းသည် အလုပ်ပင်ပန်းမှုကို ဖြေလျော့ခြင်းဟု ဆိုသည်။
“မရှိမဖြစ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ လိုအပ်တယ်လို့ထင်တယ်” ဟု ၎င်းက ဆိုသည်။ 
“ရုံးဆင်းချိန်ဆို နှစ်နာရီလောက်၊ အားလပ်ရက်ဆိုရင်တော့ သုံးပတ် တစ်ခါ လောက်တော့ ရှစ်နာရီလောက် တွေ့ဖြစ်တယ်ပေါ့”
လူငယ်များအနေနှင့် ယင်းကိစ္စဘက်တွင် အချိန်ကုန်ရခြင်း၏ အကြောင်းတစ်ခု သည်လည်း မိသားစုများထံတွင် ရှိနေပါသေးသည်။
ချမ်းသာသည့်မိသားစုဖြစ်စေ၊ ဆင်းရဲချို့တဲ့သည့် မိသားစုဖြစ်စေ ယင်းအကြောင်း အချက်ကို မေ့လျော့စွာ ဖန်တီးတတ်လေ့ရှိသည်။

မိဘများအနေနှင့် စီးပွားရေးတစ်ခု တည်းကိုသာ အလေးထားအာရုံစိုက်ထား ခြင်းသည်လည်းကောင်း၊ ဆင်းရဲသူများ အနေနှင့် မပြည့်မစုံသည့် အခြေအနေကြောင့် စားဝတ်နေရေးအတွက် အချိန်ပြည့် လုံးပန်းနေရခြင်း ကြောင့်လည်းကောင်း လူငယ်၊ လူရွယ် သားသမီးများကို ဂရုမစိုက်နိုင်ခြင်း ဖြစ်သည်။ 
“မေတ္တာ အလုံအလောက်မရဘူး။ အဲဒီအခါကျတော့ မေတ္တာငတ်တဲ့ ကလေးတွေပေါ့နော်၊ အဲဒီကလေး တော်တော်များများက အပြင်မှာရှာကြတာ။ ရှာရင်း ရှာရင်းနဲ့ သူတို့ဘာသူတို့ စီးမျောမှန်းမသိနဲ့ စီးမျောသွားကြတာ” ဟု ဆရာကောင်းသန့်က ပြောဆိုသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက ပြည်သူများအကြား ပျံ့နှံ့ခဲ့သော အသက် ၁၃ နှစ် အရွယ် ကျောင်းသူကလေးတစ်ဦး ကိုယ်ဝန်ရခြင်းမှသည် အခြားကျောင်းသား၊ သူငယ်များ၏ အလားတူဖြစ်ရပ်များက အဆိုပါ ရေစီးတွင်မျောပါမိခြင်း၏ နောက်ဆက်တွဲ ရလဒ်ဖြစ်သည်။ ပန်းကလေးများ ညှိုးနွမ်းခြင်း ဖြစ်သလို နိုင်ငံ၏ ခွန်အားများပြုန်းတီးမှုများ ဖြစ်သည်။

လူငယ်များ၏ ခွန်အားများ ဆုံးရှုံးရခြင်းသည် မိဘများ၊ ဆရာ၊ ဆရာမများ၏ ဆုံးမသွန်သင်နိုင်မှုများအပေါ် မူတည်သလို အချင်းချင်း အသိပညာ မျှဝေဖြန့်ချိနိုင်မှုကလည်း အရေးကြီးသည့် လိုအပ်ချက် ဖြစ်သည်။

အစိုးရအနေနှင့် လူငယ်အသင်းအဖွဲ့များကို အားပေးခြင်း၊ လူငယ်များ ဝင်ထွက် သွားလာနိုင်သည့် နေရာများ၊ တွေ့ဆုံဆွေး နွေးစရာနေရာများ ထားရှိပေးခြင်း၊ အားကစားပွဲများ ပြုလုပ်ပေးခြင်း၊ စာဖတ်စေရန် လှုံ့ဆော်ခြင်းများများကို လုပ်ဆောင်ပေးရန်လည်း လိုမည်ဖြစ်သည်။

“ကျွန်တော်တို့ခေတ်တုန်းက လွတ်လပ်ရေးနေ့ပြိုင်ပွဲ ဆိုတာ ရှိတယ်။ မြို့တိုင်းကလေ၊ အမြဲတမ်း လွတ်လပ်ရေးပြိုင်ပွဲ လုပ်တယ်။ အားကစားမျိုးစုံပါတယ်။ ကျွန်တော်တို့ တစ်နှစ်တစ်ခါ ကစားရတယ်၊ နောက်တစ်ခါ ကျွန်တော်တို့ ကျောင်းသားဘဝမှာ ကျောင်းမှာ ဘော်လီဘောကွင်း ရှိတယ်၊ ဘက်စကတ်ကွင်းရှိတယ်၊ ဘောလုံးကွင်းရှိတယ်၊ စာကြည့်တိုက်ရှိတယ်” ဟု ဆရာကောင်းသန့်က ဆိုသည်။

လူငယ်များအနေနှင့် ယင်းသို့သွားရန် နေရာများ မရှိခြင်းကလည်း စိတ်အာရုံကို အခြားဘက်သို့ ရောက်ရှိနေစေရန် တွန်းအားဖြစ်သည်။

လူငယ်များအရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်ကတော့ သူကြုံတွေ့ ခဲ့ရသည့် အခက်အခဲကို ယခုလို ပြောပြသည်။ နိုင်ငံတကာတွင် အသိပညာပေးသည့် ဆိုင်းဘုတ်များ၊ ကြော်ငြာများကို လူအများမြင်သာသည့် နေရာများတွင် စိုက်ထူလေ့ ရှိကြသော်လည်း မြန်မာနိုင်ငံ တွင် ယင်းကဲ့သို့ အခွင့်အရေးက နည်းပါးလွန်းသည်ဟု ဆိုသည်။ လူငယ်ဆိုင်ရာ ပညာပေးစာတန်းများ အစား စီးပွားရေး ကြော်ငြာများကသာ နေရာအပြည့် ယူထားသည် ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ အသက် ၁၀ နှစ်မှ ၂၄ နှစ်အကြား ကလေးနှင့် လူငယ် ၂၇ ရာခိုင်နှုန်းကျော် (၁၄ သန်း ကျော်) ရှိသည်။ သို့သော် လူငယ်များအားလုံး အဆိုပါ အခြေအနေတွင် ရောက်ရှိနေခြင်း မဟုတ်သည့်အပြင် ရေစီးတွင် မမျောပါစေရန် သို့မဟုတ် ရုန်းထွက်လာနိုင်စေရန် ကြိုးပမ်းနေသူ လူငယ်များစွာလည်း ရှိနေပါသည်။ အချို့ဆိုလျှင် စံပြုရလောက်အောင်ပင် တိုင်းပြည်လူထုက အားကိုးရသည့် လူငယ်များပင် များစွာရှိနေသည်။

လူငယ်များ သီးသန့်တွေ့ဆုံရန် နေရာများ မရှိသေးသည့်တိုင်၊ စာကြည့်တိုက်များ မဖွံ့ဖြိုးသေးသည့်တိုင်၊ အားကစားလှုပ်ရှားစရာ အခွင့်အလမ်း နည်းပါးနေသည့်တိုင်၊ ကောင်းမွန်သည့် ပညာသင်ကြားရေးဆီသို့ မကူးပြောင်းနိုင်သေးသည့်တိုင် လူငယ်များကို ကောင်းမွန်သည့်ဘက်သို့ ဦးလှည့်လာစေရန် ဆောင်ရွက်မှုများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်များကပင် ဦးဆောင်ကာ လုပ်ကိုင်နေကြ သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းက နိုင်ငံတစ်ဝန်းရှိ လူငယ်များတွေ့ဆုံပွဲ(လူငယ်ဖိုရမ်) ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သုံးရက်ကြာပြုလုပ်ခဲ့သည်။ လူငယ်ပေါင်း ၄၅၀ ကျော် တက်ရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ယနေ့ခတ် လူငယ်များ ကြုံတွေ့ ရင်ဆိုင်နေရသည့် ပြဿနာများ၊ စိန်ခေါ်မှုများအကြောင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များက လာရောက်ကြသည့် လူငယ်များက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ 
အဓိကအားဖြင့် မူးယစ်ဆေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကိစ္စ စသည့်အကြောင်းများနှင့် လူငယ်ရေးရာမူဝါဒတစ်ခုကို နိုင်ငံတော်တွင် ပေါ်ထွန်းလာစေရေးတို့ ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် သဘာဝသယံ ဇာတကြွယ်ဝသည့်နည်းတူ လူငယ်သယံ ဇာတများလည်း ပေါများသည့်နိုင်ငံ ဖြစ်ကြောင်း မသဉ္ဇာရွှန်းလဲ့ရည်က ဆိုသည်။
ယင်းသယံဇာတများကို အစိုးရက အသုံးပြုတတ်ရန် လိုမည်ဖြစ်သည်။ 
ယနေ့ခေတ်တွင် လူငယ်များကြုံတွေ့ နေရသည့် ပြဿနာများသည် ယခင်ခေတ်များနှင့် မတူတော့ဘဲ အပြောင်းအလဲနှင့် အတူ ပြောင်းလဲလာသည်ဟု ဆိုသည်။ နိုင်ငံရေးစနစ်၊ လူမှုရေး၊ ယဉ်ကျေးမှု တို့မှသည် နည်းပညာအပြောင်းအလဲ များအလိုက် စိန်ခေါ်မှုများက လူငယ်များထံတွင် ရှိနေသည်။
အဆိုပါအချက်ကို အစိုးရအပါအဝင် လူမှုအသိုက်အဝန်းတစ်ခုလုံးက သိရှိ နားလည်မှသာ လူငယ်တို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပြီး ယင်းမှသည် လူငယ်များ၏စွမ်းအားကို အသုံးချနိုင်မည် ဖြစ်သည်။

“စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းတွေ ရှိတယ်၊ အရည်အသွေးတွေ ရှိပါတယ်။ ဒီအရည်အချင်း အရည်အသွေး တွေကို မြှင့်တင်ပေးဖို့ပဲ လိုတာပေါ့” ဟု မသဉ္ဇာရွှန်းလဲ့ရည်က ဆိုသည်။
တိုင်းပြည်တွင် လူငယ်များအတွက် အဓိကလိုအပ်နေသည်မှာ အစိုးရအနေနှင့် လူငယ့်ရေးရာ မူဝါဒတစ်ရပ်ကို ရေးဆွဲထားရှိရန် ဖြစ်သည်။ ယင်းမူဝါဒ ရှိနေမှသာလျှင် တိုင်းပြည် တည်ဆောက်ရေး ကဏ္ဍများတွင် လူငယ်များက ထဲထဲဝင်ဝင် ပါဝင်နိုင်မည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံ ၁၂၀ ကျော်တွင် ယင်းကဲ့သို့ မူဝါဒများရှိပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၁ တွင်သာ မရှိသေးခြင်း ဖြစ်သည်။

လူငယ်ရေးရာမူဝါဒကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ယူရေးဆွဲမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့အပြင် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သည့်အဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေးကာ လုပ်ဆောင်နေခြင်း ဖြစ်သည်။
အဆိုပါကိစ္စသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းတွင် ဦးစားပေးအစီအစဉ် တစ်ခုလည်း ဖြစ်သည်။

နိုင်ငံတကာတွင်ရှိသည့် မူဝါဒများကို လေ့လာကာ မြန်မာနိုင်ငံနှင့် သင့်လျော်သည့်အချက်များ ပါဝင်ရေးဆွဲနိုင်ရေး လူငယ်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ် ပြောရေးဆိုခွင့်လည်းရှိသူ ဦးစိုးကြည်က The Voice သို့ ပြောဆိုသည်။

လူငယ်ရေးရာမူဝါဒဖြင့် လူငယ်များ၏ ပြဿနာများကို ဖြေလျော့ပေးနိုင်ရန်နှင့် လူငယ်များကို ပြုစုပျိုးထောင်ခြင်း လုပ်ငန်းများအတွက် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
“အဓိကတော့ လူငယ်တွေရဲ့အသံကို နားထောင်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါမူဝါဒသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုနှင့် ဆက်နွှယ်နေကြောင်း  ဦးစိုးကြည်က ၎င်း၏ လေ့လာသိရှိထားမှုကို ပြောဆိုသည်။

“နိုင်ငံတော်အနေနဲ့ သူတို့ ဒါတွေကို ဖြည့်ဆည်းပေးလို့ရှိရင် လူငယ်တွေ ပြုစုပျိုးထောင်တာ အများကြီး အထောက်အကူ ပြုတာပေါ့။ အဓိကကတော့ မူဝါဒရှိတဲ့နိုင်ငံတွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် တကယ့် အရည်အချင်း ပြည့်ဝလူငယ်တွေရှိတဲ့၊ အဖွဲ့အစည်းတွေရှိတဲ့ တိုင်းပြည်တွေက တော်တော်များများ တိုးတက်တာပေါ့၊ စဉ်ဆက်မပြတ် တိုးတက်တာကို တွေ့ရတာပေါ့”

သို့သော် ယခုနှစ်ကုန်ပိုင်းအထိ ယင်းမူဝါဒရေးဆွဲပြီးစီးရန် မလွယ်သေးပေ။ ကြားကာလတွင် အဆင့်ဆင့် လုပ်ဆောင်ဖွယ်ရာများ ကျန်နေသေးသည်။

လက်ရှိတွင် အဆိုပါလူငယ်ရေးရာ မူဝါဒရေးဆွဲမှုတွင် လူငယ်ကိုယ်စားပြု ကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အမြို့မြို့ အနယ်နယ်တွင် လူငယ်တွေ့ဆုံဆွေးနွေးပွဲ (ဖိုရမ်) များ ပြုလုပ်လျက်ရှိသည်။
လာမည့် စက်တင်ဘာလကုန်ပိုင်းတွင် ကိုယ်စားလှယ်များကို ရွေးချယ်ပြီးစီးမည် ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်များ အနေနှင့် အစိုးရက ဖွဲ့စည်းထားသည့် မူဝါဒ ရေးဆွဲရေးဆိုင်ရာ ကော်မတီများတွင် ပါဝင်ရမည်ဖြစ်သည်။

အစိုးရသစ်အနေနှင့် လူငယ်များ၏ အခန်းကဏ္ဍကို အလေးထားမှုပြသခြင်း အပေါ် ကျေနပ်ကြောင်း မသဉ္ဇာရွှန်းလဲ့ရည်က ဆိုသည်။ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ အနေနှင့်လည်း လူငယ်များအပေါ် အာရုံစိုက်လာခြင်းကိုလည်း ကောင်းမွန်သည့်အလားအလာဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အသက် ၃၅ နှစ်ဝန်းကျင် လူငယ်လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော်ကိုလည်း ပြည်သူများက ရွေးချယ်နိုင်ခဲ့သည်။

မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်ကလည်း တိုင်းပြည်တွင်းရှိ လူငယ်များ၏ခွန်အားကို အလေးထားသူ ဖြစ်သည်။ အကျိုးမဲ့နေရာများတွင် ခွန်အားတို့ကို မဖြုန်းတီးစေချင်သူလည်း ဖြစ်သည်။
နိုင်ငံတော်တည်ဆောက်ရေးကို လူငယ်များ လက်ထဲသို့ လွှဲပြောင်းခဲ့ရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သူ့အနေနှင့် အခြေအနေအရ လက်ရှိနိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်နေရသော်လည်း လူငယ်များလောက် အားမသန်၊ အပင်ပန်း မခံနိုင်သည့်အပြင် ခေတ်မီ ပညာရပ်များကို သင်ယူနိုင်ခြင်းလည်း မရှိဟု ဆိုသည်။

“လူငယ်တွေဟာ တကယ့်ကို တည်ဆောက်ရေးဘက်မှာ အခြေခံအင်အား တစ်ရပ်အနေနဲ့ အဓိကလိုအပ်တယ်” ဟု ဒေါ်အမာကြည်က ဆိုသည်။

ယနေ့ခေတ် အခြေအနေသည် နိုင်ငံရေးအရ ပွင့်လင်းလွတ်လပ်နေပြီ ဖြစ်သည့်အပြင် နည်းပညာများ ဖွံ့ဖြိုးတိုးတက် နေခြင်းကြောင့် လူငယ်များအနေနှင့် ပညာရပ်များကို မိမိစိတ်တိုင်းကျ ရယူနိုင် သည့်အခွင့်အရေးရှိနေသည်။
“သူတို့ ကြိုးစားလေ၊ သူတို့ပိုပြီး တတ်မြောက်လေ၊ သူတို့ရဲ့ ဆင်ခြင်တုံတရား ဆုံးဖြတ်နိုင်စွမ်းတွေ မြင့်မားလေ တိုင်းပြည်က ပိုပြီးတိုးတက်လာမှာလေ” ဟု ၎င်းက ဆိုသည်။
thevoicemyanmar
Loading...