ဒီကေဘီအေခွဲထွက် အဖွဲ့ခေါင်းဆောင် နားမကြား(ခ)ကျော်မို့ သစ်ဆွဲသမားများလက်ချက်ဖြင့် သေဆုံး



_________________________________________________________

တပ်မတော်နှင့် ကရင် ပြည်နယ် နယ်ခြားစောင့်ပူးပေါင်း အဖွဲ့ကို ချောင်းမြောင်းတိုက်ခိုက်မှုများနှင့်မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ဒီကေဘီအေခွဲထွက်အဖွဲ့ခေါင်းဆောင်သည် သစ်ဆွဲအလုပ်သမားများ သတ်၍ သေဆုံးသွားကြောင်း  သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ကော့က ရိတ်မြို့နယ် ကောင်းမှုရွာဝန်း ကျင်တွင် အခြေစိုက်လှုပ်ရှားနေသည့် ဒီကေဘီအေခွဲထွက်အဖွဲ့ (တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (De-mocratic Kayin Buddhist Army-DKBA) ခေါင်းဆောင်နားမကြား (ခ) ကျော်မို့ဆိုသူသည် သြဂုတ် ၃၀ ရက် နံနက်က သေဆုံးခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးကြီး ကြည်လင်းက  အတည်ပြုပြောကြားသည်။
နားမကြားအဖွဲ့ဟု လူသိ များသော ဒီကေဘီအေခွဲထွက် လက်နက်ကိုင်အဖွဲ့က ဒေသခံ သစ်ဆွဲသမား ငါးဦးကို ဖမ်းဆီးပြန်ပေးဆွဲကာ တစ်ဦးလျှင် ကျပ်သိန်း၁၀၀ ဖြင့် ပြန်ရွေးခိုင်းခြင်းကြောင့် အဖမ်းခံရသည့် သစ်ဆွဲသမားများက ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်အဖွဲ့တာဝန်ရှိသူများက ပြောသည်။
၎င်းတို့က နားမကြားနှင့် တပည့်တစ်ဦးကို သတ်ခဲ့ပြီးနောက် ယင်းဒေသ အခြေစိုက်ကရင်ပြည်နယ် နယ်ခြားစောင့်အဖွဲ့ထံ လာရောက်အဖမ်းခံကြောင်း သတင်းရရှိသည်။
အာရှလမ်းမကြီး (မြ၀တီ- ကော့ကရိတ်လမ်းပိုင်း)တွင် ကား များကို ငွေကောက်ခံရာမှ အစပြုကာ တပ်မတော်နှင့် ကရင် ပြည်နယ် နယ်ခြားစောင့်ပူးပေါင်း အဖွဲ့နှင့် ဒီကေဘီအေခွဲထွက်အ ဖွဲ့ကြား ၂၀၁၅ ဇူလိုင်မှစတင်ကာ တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ သည်။ ယခုဖြစ်စဉ်အရ ဒီကေဘီ အေခွဲထွက်အဖွဲ့ခေါင်းဆောင် သေဆုံးသွားပြီဖြစ်၍ ယင်းအဖွဲ့ မည်သို့ဆက်လက်ရပ်တည်မည် ကို ဒေသခံအချို့က စိတ်ဝင်စား နေကြသည်။
ဒီကေဘီအေခွဲထွက်အဖွဲ့ က နားမကြားသေဆုံးမှုအတွက် သြဂုတ် ၃၀ ရက် နေ့လယ်တွင် သတင်းထုတ်ပြန်မှုပြုလုပ်ခဲ့ပြီး တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့က သြဂုတ် ၃၀ ရက် နံနက်မှစတင်ကာ၎င်းတို့အား တိုက်ခိုက်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ကမူ ဒေသတွင် တိုက်ပွဲ များဖြစ်ပွားမှုမရှိကြောင်း ပြော သည်။
7daydaily