Breaking News


မလွတ်မြောက်သော ၀ိညာဉ်များနှင့် အိမ်အမှတ် ၂၆၃


Loading...



ပရင့်စန့်ကရာလမ်းမကြီး (Prinsengracht) က အင်္ဂလိပ် လို Princess Canal ဟု အဓိပ္ပာယ်ရသည်။ မင်းသမီး တူးမြောင်းလမ်းဟု မြန်မာမှုပြုနိုင်မလားမသိ။ မနက်စာစားနေ ရင်း ပရင့်စန့်ကရာလမ်း။ အိမ်အမှတ် ၂၆၃ သွားရန် နော်နိုရင်းကို အဖော်စပ်ရသည်။

လွန်ခဲ့သော ၃ ရက်က အိမ် ရှေ့က လမ်းဖြတ်လျှောက်ခဲ့ပေမင့် ညသန်းခေါင်ကျော်နေပြီမို့ ပြတိုက်က ပိတ်နေပြီ။ အမှောင်ထဲမှာ ဓာတ်ပုံရိုက်ပြီး ပြန်ခဲ့ကြသည်။ ယနေ့ စနေနေ့ဖြစ်တာရယ်၊ အလုပ် မယ်မယ်ရရ မရှိတာရယ်ကြောင့် ပြတိုက်ဆီနောက်တခေါက် သွားဖို့ ဆုံးဖြတ်လိုက်သည်။

“ ပြတိုက်က ဘာပြတိုက်မို့လဲ ”

အသင့်ပါလာသော The Diary of a Young Girl စာအုပ်ကို ပြရင်း

“ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာတပ်တွေ ဒီမြို့ကိုသိမ်းတော့ ဒီစာအုပ်ထဲက ကောင်မလေးနဲ့ သူ့တို့ မိသားစု ပုန်းခဲ့တဲ့ အိမ်ပါ။ ၂ နှစ် လောက်ပုန်းနေပြီး သူက နေ့တိုင်း မှတ်တမ်းရေးတယ်။ အဲဒါ ဒီစာအုပ်ပဲ၊ ကမ္ဘာကျော် စာအုပ်ပေါ့။ ဘာသာအမျိုးမျိုးနဲ့ ဘာသာပြန်ခဲ့ကြတယ်လေ။ မြန်မာလိုတော့ ဆရာ တက္က သိုလ်နေ၀င်း ဘာသာပြန်တာရှိတယ်။ အဘဦးဝင်းတင်တို့ အမ်စတာဒမ်မှာ သတင်းစာပညာသင် တန်းလာတက်တုန်းက ဒတ်ခ်ျဘာသာသင်တော့လည်း ဒီစာအုပ်က ပြဋ္ဌာန်းစာအုပ်ပဲ။ အခုပြတိုက် လုပ်ထားတဲ့ အိမ်ဘက်လည်း ညနေတိုင်း လမ်းလျှောက်ဖြစ်တဲ့အကြောင်းအဘဦးဝင်းတင်ရေးတဲ့ ဆောင်းပါးတပုဒ်မှာ ဖတ်ဖူးတယ်”

ဒီလောက်ဆို စည်းရုံးရေးခရီး အောင်မြင်သွားပါပြီ။ နှစ်ယောက်သား မြေပုံတချက်နှင့် လမ်းလျှောက်သွားကြသည်။ ရာသီဥတုက နေသာနေသည်။ သို့သော် အာရှ သားများအဖို့ နွေးရုံသာ။

နာရီဝက်ခန့်လမ်းလျှောက်ပြီး လူတန်းရှည်ကြီး စီနေသော နေရာကို လှမ်းတွေ့သဖြင့် အိမ်အမှတ် ၂၆၃ ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မှန်း သေချာသွားသည်။ အံ့သြစရာ ကောင်းလောက်အောင် လမ်းတချက်မှမမှားခဲ့သဖြင့် နော်နိုရင်းက လက်မထောင်နေသည်။

အရင်ရောက်နှင့်နေသော လူ ၁၀၀ ခန့်၏နောက်မှာ တန်းစီလိုက်ကြသည်။ ၀င်ကြေးတယောက် ရှစ်ယူရိုခွဲပေးပြီး နောက် အိမ်ကြီးထဲ ရောက်သွားသည်။ အိမ်က ခပ်မှောင်မှောင်။ မီးလုံးလေးများ နှင့် အလင်းရောင် ဖျော့ဖျော့ ထွန်းထားသည်။ အလင်းရောင်ထဲမှ အလင်းအားနည်းသော အိမ်ထဲ ရောက်သွားသဖြင့် ကြမ်းခင်းများကို သတိထားပြီး လျှောက်သွားရသည်။

ဝင်ဝင်ချင်း အန်ဖရန့်၏ ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်ပြထားသည်။ ရှေ့မှာ ဖုန်းခွက်များချထားပြီး အင်္ဂလိပ်ဘာသာ၊ ပြင်သစ်၊ ဂျာမန်ဘာသာတို့ဖြင့် နားထောင်နိုင်အောင် စီစဉ်ပေးထားသည်။ ထိုခန်းမကနေ ညာဘက်သို့ ကွေ့ဝင်သွားသောအခါ နံရံမှာ စာသားတချို့ ရေးထားတာကို ဖတ်ရသည်။

“ဒီဆိုးရွားလှတဲ့ စစ်ပွဲကြီး တနေ့တော့ ပြီးသွားမှာပါပဲ၊ ဂျူးရယ်။ ဒတ်ခ်ျရယ်၊ အင်္ဂလိပ်ရယ်၊ ဘာလူမျိုးရယ်ဆိုပြီး မရှိဘဲ လူတွေအားလုံး လူပြန်ဖြစ်မယ့်အချိန် တနေ့တော့ ပြန်ရောက်ရမှာပေါ့၊” (ဧပြီ ၉။ ၁၉၄၄)

အိမ်၏လွှမ်းမိုးမှုကြောင့်ဖြစ်မည်။ အိမ်ထဲမှာ လူတရာခန့် ရောက်နေသောလည်း ဘာသံမှမထွက်၊၊ တိတ်တိတ်ဆိတ်ဆိတ် သွားလာနေကြသည်။ အိမ်အကြောင်း အနည်းနှင့် အများသိကြမည်။ က လေးတွေကအစ မျက်နှာမကောင်း ကြပေ။ နံရံပေါ်က စာသားများကလည်း အကြောက်တရား သာ လွှမ်းမိုးနေသည်။

“ကြောက်လိုက်ကြတာ မပြောပါနဲ့တော့။ အိမ်နားက လူတွေ ငါတို့ကို မြင်သွားမှာ။ ငါတို့အသံကို ကြားသွားမှာကို သိပ်ကြောက်တာပဲ …. ”

“မနေ့ညတုန်းက ငါတို့မိသားစု ၄ ယောက်၊ သီးသန့်ရုံးခန်း ထဲဆင်းပြီး ရေဒီယိုနားထောင်ကြတယ်၊ ကြောက်လိုက်တာ … ”

မတ်စောက်သော လှေခါးများအတိုင်း တထပ်ပြီးတထပ် တက်သွားကြသည်။ တတိယထပ်မှာ လည်း ရုပ်ရှင်ပြထားသည်။ အန်ဖရန်၏ဖခင်က မျက်ရည်ဝဲရင်းစကား ပြောနေသည်။

“သူ့မှတ်တမ်းထဲမှာ မကျေနပ်တာတွေ ခံစားချက်တွေ အများကြီးရေးထားတယ်၊ သူ့မျက်နှာပေါ်မှာ တခါမှ မတွေ့ရတာတွေကို မှတ်တမ်းဖတ်မှာပဲ သိရတော့တယ် ”

ရပ်ကြည့်နေသူတွေ အားလုံး မျက်နှာ မကောင်းကြပေ။ အမျိုးသမီးကြီးတယောက် မျက်ရည်ဝဲ နေသည်။ နံရံမှာ မိသားစု ၄ ယောက်၏ ဓာတ်ပုံများလည်း ပြထားသေးသည်။ ပုံ၏အောက်ခြေတွင် မွေးနေ့ရက်များလည်း ဖော်ပြထားသည်။ နေ့စဉ်မှတ်တမ်း လက်ရေးမူရင်းတချို့ မီးထွန်းထားသော မှန်အိမ်ထဲမှာ တွေ့ရသည်။ ဒတ်ခ်ျဘာသာ ဖြစ်မည်။ ဖျက်ရာများနှင့်။ အန်ဖရန့်က ငယ်စဉ်ကတည်းက ကြီးလာလျှင် စာရေးဆရာမကြီး၊ သတင်းထောက်မကြီး ဖြစ်ချင်သူ။

“ဒီနေ့က အန်ဖရန့်ရဲ့မွေးနေ့ပဲ၊ ဇွန်လ ၁၂ ရက်နေ့လေ၊ အသက်ရှိနေရင် ဒီနေ့ ၈၁ နှစ်ပြည့် မွေး နေ့ပဲ ”

“ ဟုတ်လား၊ တိုက်တိုက်ဆိုင်ဆိုင် ”

ဓာတ်ပုံအောက်က မွေးနေ့တွေကို ဖတ်ခဲ့ပေမယ့် အတွေးက ဟိုရောက်ဒီရောက်ဖြစ်နေသဖြင့် သတိမထားမိ။ နော်နိုရင်း ပြောမှပဲ ဆက်စပ်မိတော့သည်။ အသက် ၈၁ နှစ်ဆိုသဖြင့် အကယ်၍ ၁၉၄၅ မတ်လမှာ နာဇီ အကျဉ်းစခန်းထဲ ရောဂါနှင့် မဆုံးပါးသွားလျှင် ဒီနေ့ ၈၁ ပြည့်မွေးနေ့ ကျင်းပနေပေမည်။

သို့ဆိုလျှင် သူ့မှတ်တမ်းက ကမ္ဘာကျော်ပါ့မလား။ အိမ်ကရော ပြတိုက် ဖြစ်နေပါ့မလား။ ဒါမှမဟုတ် အော့စ၀ှစ် အကျဉ်းထောင် မှတ်တမ်းတခု ထွက်ပေါ်လာဦးမလား။ တွေးနေမိသည်။ ကမ္ဘာကျော် အော့စ၀ှစ် အကျဉ်းစခန်း ရောက်ခဲ့ပေမယ့် အသက်မသေ ကျန်ခဲ့သူ ဖခင်အော်တို ဖရန်၏ မှတ်ချက်များလည်း နံရံပေါ်မှာ တွေ့ရသည်။

“ခွဲခြားဆက်ဆံမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ အကြောက်တရားတွေကို ဆန့်ကျင်ပြီး ပိုပြီးကောင်းမွန်တဲ့ ကမ္ဘာကြီး တည်ဆောက်ဖို့ အထောက်အပံ့ပစ္စည်းတခုအဖြစ် အန်ဖရန်အိမ်ကို ရည်ရွယ်တယ်” (အော်တိုဖရန့်။ မတ် ၂၄။ ၁၉၅၉ )

၁၉၆၀ ကတည်းက အိမ်ကိုပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သဖြင့် နှစ်ပေါင်း ၅၀ ကျော်ပေပြီ။ အထူးအဆန်း ပစ္စည်းများကို ဖွယ်ဖွယ်ရာရာ ပြသထားရာမဟုတ်သော်လည်း နှစ်စဉ် လူရာပေါင်းများစွာ လာရောက်လည်ပတ်သည်ဟု သိရသည်။ သာမန် လူနေအိမ်တအိမ်တွင် တွေ့ရမည့်အသုံးအဆောင်များ၊ စာပွဲ၊ ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုခန်း၊ ရေအိမ်။

သို့သော် အိမ်၏အမှောင်ထောင့်တိုင်းတွင် ချုပ်ခြယ်ခံရသော လူသားဝိညာဉ်များ လွတ်လပ်မှုကို ငံ့လင့်နေသော လူသား ၀ိညာဉ်များ။ အကြောက်တရား လွှမ်းမိုးခံထားရ သူတို့၏ ၀ိညာဉ်များ ယခုတိုင် ကူးစက်ပျံ့လွင့်နေဆဲဟု ခံစားမိသည်။

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတို့၏စစ်ဖိနပ် အောက်မှာ တချို့ အဆိပ်ငွေ့လွှတ် သတ်ပစ်ခံခဲ့ရသည်။ တချို့ နာဇီအကျဉ်းစခန်းမှာ ရောဂါနှင့် သေကြရသည်။ အန်ဖရန်၊ သူ့အစ်မ၊ မိခင်၊ ချစ်သူပီတာ၊ တအိမ်တည်း ပုန်းဖော်ပုန်းဘက် ရှစ် ယောက်ထဲက ခုနှစ်ယောက်သည် ထိုဒဏ်များကြောင့် ရှေ့ဆင့်နောက်ဆင့် အသက်ဆုံးကုန်ကြသည်။

စိတ်မူမမှန်သော ဟစ်တလာဆိုသော အာဏာရှင် ကြီးတယောက်ကို မတားဆီးနိုင်ခင်မှာ ကံဆိုးမိုးမှောင်ကျ သွားရသူတွေထဲက မိသားစုက မနည်း၊ သန်းချီသည်။ သူ တို့ဘ၀တွေ၊ အိပ်မက်တွေ၊ အနာဂတ်တွေ၊ ရည်မှန်းချက် တွေ၊ ချစ်ခြင်းမေတ္တာတွေ သက်သက်မဲ့ တဘက်သတ် ဖျက်ဆီးခံလိုက်ရသည်။

“ကရင်ပြည်နယ်ထဲမှာ ဒီလိုဘ၀မျိုးတွေအများကြီးရှိတယ်။ သူက မှတ်တမ်းနဲ့ရေးထားလို့သာ”

နော်နိုရင်း ပြောတာကို ကျနော်နားလည်ပါသည်။ သူကိုယ်တိုင်က ကရင်ရွာတရွာ၊ နောက် ဒုက္ခသည်စခန်းတခု ရောက်ခဲ့ရသူ။ မြန်မာပြည်အရှေ့ပိုင်းဒေသမှာ စစ်ဘေးကြောင့် အိုးအိမ်ပစ်ဒုက္ခ သည် သန်းတ၀က်ခန့် ရှိနေသည်။ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည် ၁ သိန်းခွဲရှိနေသည်။

ရန်ကုန်လို မြို့ကြီးမှာပင် မိမိအိမ်မှာနေရင်း ထောက်လှမ်းရေးတွေ၊ သတင်းပေး တွေက အချိန်မရွေးတံခါးလာခေါက်ပြီး၊ ဘာပုဒ်မမှန်းမသိဘဲ ဘယ်မှာမှန်းမသိ၊ ဘယ်လောက်ကြာကြာမှန်းမသိ ဖမ်းခေါ်သွားနိုင်သည် မဟုတ်လား။ ယခုထိလည်း နိုင်ငံရေးယုံကြည်ချက် ကြောင့် လူ ၂ ထောင်ကျော် အကျဉ်းကျခံနေရသည်။ ၂၀ ရာစု နာဇီလက်အောက်က ဂျူးသန်းပေါင်းများစွာ၏ ဘ၀ နှင့် ၂၁ ရာစု မြန်မာပြည်သားများ၏ ဘ၀များကို နှိုင်းယှဉ် စဉ်းစားနေမိသည်။

“ အနာဂတ်တည်ဆောက်ဖို့ အတိတ်ကို သိထားရမယ် ”
(အော်တိုဖရန်။ ၁၉၆၇)

သမိုင်းသည် ဖျောက်ဖျက်လို့ရကောင်းသည့် အရာမဟုတ်ပေ။ ဖက်ဆစ်အာဏာရှင်ဖြစ်စေ၊ စစ်အာဏာရှင် ဖြစ်စေ၊ တနေ့တော့ ကျဆုံးရမည်သာ၊ သို့သော် ထိုတနေ့မတိုင်ခင် … ။

နေသွင်
ဇွန် ၁၄၊ ၂၀၁၀

Loading...