Breaking News

လူကြားထဲ အကြွေးတောင်းသည့် အမျိုးသမီး ဓားထိုးခံရ

Loading...


လှိုင်သာယာမြို့နယ် (၉)ရပ်ကွက် ဆင်ဖြူလမ်းနှင့် စပ်စံထွန်းလမ်းထောင့်တွင် ဩဂုတ် ၉ ရက် ညနေ ၅ နာရီက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးကို လူကြားထဲ အကြွေးတောင်းသည်ဟုဆိုကာ အနှေးယာဉ်နင်းသူက ဓားဖြင့် ဆင့်ထိုးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ဓားဖြင့်ထိုးခံရသော အမျိုးသမီးမှာ ယင်းနေ့က ၎င်းထံမှ ငွေချေးယူထားသော အနှေးယာဉ်ဂိတ်ရှိ အသက် ၃၇ နှစ်အရွယ် အနှေးယာဉ်နင်းသူ အမျိုးသားကို အကြွေးပြန်ဆပ်ရန် ပြောဆိုစဉ် နှစ်ဖက်စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် အနှေးယာဉ်နင်းသူက တစ်ပေအရှည်ရှိ စတီးဓားဖြင့် အမျိုးသမီး၏ ရင်ညွန့်နှင့် မျက်နှာ၊ လက်တို့ကို ထိုးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ချေးထားတဲ့ငွေ ပြန်မဆပ်လို့ ကြွေးရှင်က စိတ်တိုပြီး အော်ကြီးဟစ်ကျယ်ပြောခဲ့တယ်လို့ စစ်ဆေးချက်အရ သိရပြီး လူကြားထဲ အကြွေးတောင်းခံရလို့ ဆိုက်ကားသမားက ရှက်ပြီး ဓားနဲ့ ထိုးခဲ့တာလို့ သိရတယ်။ ချေးငွေက တစ်သိန်းမကျော်ဘူးလို့ သိရပြီး ဓားထိုးခံရသူ အမျိုးသမီးကို အင်းစိန်ဆေးရုံမှာ စိုးရိမ်လူနာအဖြစ် တင်ထားရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသမီးကို ဓားဖြင့်ထိုးသော အနှေးယာဉ်နင်းသူကို ဖမ်းဆီး၍ သောင်ကြီးနယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The voice
Loading...